ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာကို ဝင်ရောက်စီးနင်းမီးရှို့ပြီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ထံကသိရသည်။
မတ်လ ၂၆ ရက်၊ နံနက် ၈နာရီ၁၅ မိနစ်အချိန်ဝန်းကျင်က တာဝါတိုင်ကျေးရွာတွင် အင်အား ၆၀ ခန့်ဖြင့်တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ဂမုန်းဆည်နားမှာ တစ်နေ့က သူတို့နဲ့ တိုက်ပွဲဖြစ်တယ်။အဲ့ဒီကနေတာဝါတိုင်ရွာကိုဆုတ်သွားတာ၊ အိမ်အလုံး ၂၀ ကိုမီးရှို့ပြီးအဲ့ရွာမှာ တပ်စွဲနေတာ။ရွာထဲမှာပြည်သူတွေမရှိတော့ဘူး။အကုန်ပြေးကုန်ကြပြီ။ သူတို့က လူမနေတဲ့အိမ်တွေမှာ ၁ အိမ်ကို ၃ယောက် ၄ ယောက် စုနေကြတာ။ကျနော်တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တာ။ သူတို့လည်း အကျပ်ရိုက်နေကြတယ်။စစ်ကူလည်းမလာဘူး။ ၂ ဖက်စောင့်ကြည့်နေတဲ့ အခြေအနေမျိုးပေါ့။ ခုချိန် လက်နက်ချမယ်ဆိုရင် အချိန်မှီသေးတယ်။လက်နက်မချရင်တော့ သူတို့ကံပေါ့”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ တာဝန်ခံ ဗိုလ်တောက်တဲ့ ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မ သာယာဝတီခရိုင်PDF တပ်ရင်း-၃၈၀၂ တပ်ခွဲ(၄)မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)၊တပ်ရင်း-၃၈၀၁တပ်ခွဲ(၅) နှင့် ပြည်ခရိုင် PDF တပ်ရင်း-၃၆၀၂ တပ်ခွဲ(၅)တပ်စု-၂ တို့က စစ်ကြောင်း ၂ ကြောင်းခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်သားများသေဆုံးခြင်းနှင့်ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၂၄ ရက်နေ့ကလည်း ဂမုန်းဆည်အနီး တွင် PDF ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများလုယက်နေသောကြောင့် ကန့်နီ၊တာဝါတိုင်၊မြေပြာ၊ကိုင်ချိုကြီးနှင့်ချောင်းစောက်ကျေးရွားမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။