မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးရဲဘော်များက အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ထံကသိရသည်။
မတ်လ ၂၆ ရက် နေ့ခင်း ၁၁ နာရီဝန်းကျင်တွင် ရေစကြိုမြို့၊အမှတ် ၁ ရပ်ကွက်ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် အင်အား ၁၂ ဦးခန့်ဖြင့်တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ကပ်ကျော်ဘုန်းကြီးကျောင်းမှာ နေတဲ့ ရဲတွေ ရေချိုးနေတာလို့ သတင်းရတာနဲ့သွားတိုက်တာ။ အဲ့ဒီမှာ သူတို့ကင်းပုန်းနဲ့တွေ့ပြီး စပစ်တာ။ တိုက်ပွဲဖြစ်ချိန်က ၃ မိနစ်လောက်ပဲကြာမယ် ၊ ပစ်မှတ်ဆီမရောက်လိုက်ဘူး။ ကင်းပုန်းနဲ့တွေ့ပြီး ဖြစ်တာဆိုတော့ ပစ်ဆုတ် ဆုတ်လာခဲ့တာ။ အဲ့ဒီကျောင်းမှာ ရဲတွေ ရောက်နေတာက ၄ ရက်လောက်ရှိပြီ။ ရေစကြိုမြို့မ ရဲစခန်းကိုသွားတိုက်အဖို့အသွား ထင်းတန်ရပ် မှာ တိုက်ပွဲဖြစ်တာ။အဲ့တိုက်ပွဲ ပြီးကတည်း ကရောက်နေတာ”ဟု MBT တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ဘုန်းကြီးကျောင်းဝန်းအတွင်းတွင် ဘန်ကာများဆောက်လုပ်နေကြောင်းသိရပြီး ဒဏ်ရာရရှိသွားသည့် ရဲတပ်သား ကို ရေစကြိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger တပ်ဖွဲ့နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၁၂)တပ်ခွဲ-၄ မီးတောက်တပ်ခွဲ၊ဗိုလ်စင်္ကြာ ဦးဆောင်သောနယ်စည်းမခြား Freedom Federal စစ်ကြောင်း(၁)နှင့် 8 stars မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ရေစကြိုမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း MBT က ထုတ်ပြန်ထားသည်။