မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို အနီးကပ်ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ရေစကြိုမြို့နယ်-ပကဖက သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၅ ရက် ညနေ ၃ နာရီခွဲတွင် ရေစကြိုအခြေစိုက် ခရလ-၂၅၈ တပ်မှ အင်အား ၇၀ ဝန်းကျင်ပါသော စစ်ကြောင်းသည် ဆင်ဖြူရှင်တံတားဂိတ်စခန်းမှ မအူရဲစခန်းသို့ ထွက်ခွာလာစဉ် မအူပန်းခြံအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ က နာရီဝက်ခန့်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဆင်ဖြူရှင်တံတားကနေ မအူရဲစခန်းကို အဲ့ဒီစစ်ကြောင်းက အပြန်မှာ တိုက်ပွဲဖြစ်ပွားတာပါ။ စစ်သား ၇၀ လောက်က ခြေလျင်လျှောက်တယ်။ နောက်မှာ ဒိုင်နာကား ၁ စီးပါတယ်။ ကားပေါ်မှာ စာရွက်စာတမ်းတွေနဲ့ သူတို့အထုပ်အပိုးတွေပါတယ်။ မအူပန်းခြံနား ရေစကြို-ချောင်းဦးကားလမ်းနဲ့ ရထားသံလမ်းနား သစ်ပင်တွေကြားအရောက်မှာ အရှေ့ဆုံးက စစ်သား ၇ ယောက် ကို ကျနော်တို့က အရင်စပစ်တာ။ မီတာ ၁၀၀ ပတ်ချာလည်လောက်ပဲကွာမယ်။ သူတို့တွေ အဲ့ဒီနေရာမှာပဲ လဲကျကုန်တယ်။ အဲ့ဒီစစ်ကြောင်းကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ မအူရဲစခန်းနဲ့နီးတော့ စခန်းထဲကနေ လက်နက်ကြီးပစ်ကူပေးတယ်။ စစ်ကူတွေရောက်လာတယ်”ဟု ရေစကြိုမြို့နယ်(ပကဖ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
စစ်ကူများရောက်လာ၍ ပြန်လည်ဆုတ်ခွာချိန်၌ PDF ရဲဘော်တစ်ဦး၏ ပေါင် ကျည်ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သေဆုံးစစ်သားများနှင့် ဒဏ်ရာရသူများကို ခလရ-၂၅၈ သို့သယ်ဆောင်သွားကြောင်းသိရပြီး စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို-ပကဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)နှင့်Super Fighter Drone တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၈ ရက်နေ့ကလည်း မြိုင်မြို့နယ်မှ ရေစကြိုနယ်ထဲဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ရေစကြို(ပကဖ)နှင့် သံမဏိသိန်းငှက် Drone တပ်ဖွဲ့တို့က ဒရုန်း ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။