စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်သားများ တပ်စွဲထားသော စာသင်ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း People’s Army To Fight Dictatorship-PAFD ထံက သိရသည်။
ဇန်နဝါရီ ၂၉ရက်၊ ညနေ၆နာရီဝန်းကျင်ခန့်က မြင်းမူမြို့ပေါ်ရှိ ရဲစခန်း နှင့် စစ်သားအင်အား ၆၀ ခန့်တပ်စွဲထားသည့် မြင်းမူ အထက(၁)ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ရဲစခန်းနဲ့ စာသင်ကျောင်းကို ၁၀ လုံးလောက်ပစ်တာ။ ကျနော်တို့ သေချာတွက်ချက်ပြီးမှ ပစ်တာ။ရဲစခန်းကို ကျော်ကျသွားလို့မဖြစ်ဘူး မြင်းမူစျေးကြီး ရှိတယ်။ အရပ်သား လူနေအိမ်တွေရှိတယ်။ ရဲလိုင်းခန်းတွေကိုကျတယ်။ နယ်ထိန်းခေါင်းဆောင်အိမ်ကို ကျရောက်ပေါက်ကွဲတယ်လို့ မနက်ကျသိရတယ်။ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါပဲဗျ။ မြို့ပေါ်ဖြစ်နေတာကြောင့် ခက်ခဲတယ်။ ရဲစခန်းအနားမှာပဲ မြို့နယ်ထွေအုပ်ရုံးလည်း ရှိတယ်။ သူတို့ကလည်း ပြန်ပစ်နေကြတာ။ စာသင်ကျောင်းက စစ်သားတွေကတော့ မုံရွာဘက်ကို ထွက်သွားကြတယ်”ဟု PAFD မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship-PAFD နှင့်မဟာမိတ်တပ်ဖွဲ့များဖြစ်သော တပ်ခွဲ DKPDF(MMU)၊ People’s Knight Defense Force Myinmu (PKDF-MMU)၊ D.B.B.F-MMUတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ်သို့ သွားရောက်ပြီး စစ်သားနှင့်ပျူစောထီးများကို နယ်မြေခံတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သလို ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း PAFD နှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး မြင်းမူမြို့ လူဝင်မှုကြီးကြပ်ရေးရုံးကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့သေးသည်။