ရွာစဥ်လှည့်မီးရှို့နေသည့် စစ်ကောင်စီတပ်ကို စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်အတွင်း အလစ်အငိုက် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ လေကြောင်း ပစ်ကူခေါ်ရတဲ့အထိ အထိနာခဲ့ကြောင်း DRPA(အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်)ထံက သိရသည်။
ဇန်နဝါရီ ၁၆ ရက်၊နံနက် ၁၁ နာရီဝန်းကျင်ခန့်၌ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို ရွာစဥ်လှည့်မီးရှို့ပြီးပြန်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်အား ဆားလင်းကြီးမြို့နယ် ဆားတုန်းရွာထိပ်အရောက်တွင် DRPA နှင့် မဟာမိတ်တပ်ဖွဲ့များက အလစ်အငိုက်စောင့်ကြိုတိုက်ခိုက်ကြခြင်းကြောင့် စစ်သား အများအပြား ထိခိုက်ကျဆုံးမှုများကြောင်း သိရသည်။
“၄၅ မိနစ်လောက်အပြန်အလှန် ပစ်ကြတာ။ကျနော်တို့က လက်ဦးမှု ရတာကြောင့် သူတို့ဘက် က အကျအဆုံးများလာတာကြောင့် လေကြောင်းပစ်ကူခေါ်လိုက်တယ်။မကြာဘူး MI 35 ရဟတ်ယာဥ်နဲ့ ကာပစ်ပစ်ပြီး ပြန်ဆုတ်သွားတယ်။တိုက်ပွဲငြိမ်သွားပြီး ကျနော်တို့ရဲဘော်တွေ ဒီကောင်တွေဆုတ်သွားရာ လမ်းကြောင်းကို လိုက်ကြည့်တာ လမ်းတွေမှာ ဆေးထိုးအပ်တွေနဲ့သွေးကွက်တွေ ကိုတွေ့ရတယ်။အတော်များများကို ထိသွားပုံရတယ်။ကင်းထောက်တွေရဲ့ သတင်းပေးပို့ချက်အရ ဆားလင်းကြီးမြို့နယ်ထဲ ကို ဝင်သွားတယ်”ဟု DRPA ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်ညိုမင်းက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို DRPA နှင့် မဟာမိတ်များဖြစ်ကြသော မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊Black Shadow(DRPA-တပ်ခွဲ ၄ )၊Black Vote Fighter-LPDF၊Salingyi Generation- Z PDF ၊Daung New Generation PDF နှင့် ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့က ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ MI 35 ရဟတ်ယာဥ်သည် တိုက်ပွဲဖြစ်ပွားရာ ဆားတုန်းရွာထိပ်ကို ၄၅ မိနစ်ခန့် လေကြောင်းပစ်ကူပေးခဲ့ရာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး အရပ်သားပြည်သူ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း DRPA နှင့် မဟာမိတ်တပ်ဖွဲ့များက ဆားလင်းကြီးမြို့မရဲစခန်းတွင် တပ်စွဲထားသော အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို ၆၀ မမ လက်နက်ကြီးဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။