စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ် လေးစီးဖြင့် လာရောက်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းသဖြင့် KG တန်းကလေး(၆၀) ဦးပိတ်မိနေပြီး ဒေသခံ ပြည်သူ(၁၀၀)ဝန်းကျင်ကိုလည်း ဖမ်းဆီးထားကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ် လေးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ကွမ်းစိုက်တောင်သူတစ်ဦး ဗိုက်ထိမှန်သေဆုံးခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိထားကြောင်း CDSOM မှ သိရသည်။
“ အရင်ဆုံး ရွာလယ်ခေါင်က ဓမ္မာရုံကိုအရင်ပစ်တော့ အစိတ်စိတ်အမွှာမွှာဖြစ်သွားတာပေါ့။ နောက်ပြီး အဲနားမှာ ဘလက်အီးဂဲလ်စခန်းကို တောက်လျှောက်ပစ်တယ်။ တစ်ရွာလုံး ကွမ်းလုပ်တော့ အလုပ်လုပ်ပြီး နားတဲ့တဲတွေကို လိုက်ပစ်တယ် ’’ ဟု CDSOM မှ ကိုနွေဦးကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး သတ်ဖြတ်ထားသည့် ဒေသခံ ငါးဦးရှိပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဝါဒဖြန့်မီဒီယာက PDF အလောင်းများဟု ထုတ်ပြန်ထားသည်မှာ မဟုတ်မှန်ကြောင်းကို ကိုနွေဦးက MPA ကိုရှင်းပြသည်။
ယင်းအပြင် ကားငါးစီးနှင့် ဆိုင်ကယ်အစီး(၃၀)ကျော်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က သိမ်းဆည်းထားပြီး လက်ရှိတွင် မြင်းမူအရှေ့ခြမ်း ညောင်ပင်ဝန်းဘက်မှ မှန်လုံကားနှစ်စီးနှင့်ရောက်လာပြီး ရွာအတွင်းသို့ လမ်းလျှောက်ဝင်လာကြောင်း သိရသည်။
“ သူတို့က သတင်းခိုင်ခိုင်လုံလုံနဲ့လာပစ်တာ။ PDF မဟုတ်ဘဲ ပြည်သူတွေပဲဖြစ်နေတယ်။ ပြည်သူတွေကိုပစ်ဖို့လောက်နဲ့ လေကြောင်းကို သုံးစရာမလိုပါဘူး။ စစ်ကြောင်းထိုးမယ်ဆိုရင်လဲ သူတို့သတ္တိရှိရှိရင်ဆိုင်လိုက်ပါ။ ခြေလျင်စစ်ကြောင်းကိုမသုံးရဲတော့ PDF တွေနဲ့ယှဥ်ဖို့ လမ်းတောင်မလျှောက်ရဲတော့တဲ့ဘ၀ဖြစ်နေတာ ရှက်ဖို့ကောင်းတယ် ” ဟု ပြည်သူများကို အကြောင်းမဲ့ လေယာဥ်ဖြင့် ပစ်ခတ်ခြင်းအပေါ် ကိုနွေဦးက မှတ်ချက်ပြုသည်။
မြင်းမူမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်သုံးကာ ပြည်သူများကိုပစ်ခတ်ခြင်းမှာ ယခုအကြိမ်နှင့်ပါ သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။