မြန်မာနိုင်ငံတွင် တပတ်အတွင်း မျိုးရိုးဗီဇပြောင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁ ထောင်ကျော် အထိ ရှိလာပြီး ယနေ့ မေလ ၂ ရက်နေ့ ည ၈ နာရီအထိ အတည်ပြုချက်အရ ရန်ကုန်မြို့နှင့် ပြည်မြို့များတွင် သေဆုံးသူ အချို့ ရှိလာကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ ညနေပိုင်းတွင် ထပ်မံ သိရှိရသည့် သတင်းများအရ ပြည်မြို့ရှိ ကုတင် ၅၀၀ ဆေးရုံတွင်လည်း အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်တချို့ထံက သိရှိရသည်။
စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ တစ်ပတ်အတွင်း ၁ ထောင်ကျော် ရှိလာခဲ့ပြီး သေဆုံးသူ နှစ်ဦးမှာ ရန်ကုန်မြို့ လသာမြို့နယ်နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်များမှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ သိရသည်။
လက်ရှိ ကူးစက်မှု ရှိလာသည့် ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးသည် SARS-CoV-2 Variant Omicron ဟု သတ်မှတ်ထားသော ဗီဇပြောင်း ရောဂါပိုးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကိုဗစ် ၁၉ ဗီဇပြောင်း ရောဂါပိုးကူစက်မှုကနေ သေဆုံးသူအချို့လည်း ရှိလာတာကြောင့် သတိထားနေထိုင်ကြဖို့ လိုအပ်ကြောင်း၊ အချင်းချင်း ကူးစက်မှု မပြန့်ပွားအောင် သွားလာဖို့ လိုအပ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။
မနှစ်ကဆို ကျမမှာ ကိုဗစ်ပိုးတွေ့လို့ ရိုးမစင်တာမှာ Q ဝင်ခဲ့ရတယ်။ ရိုးမစင်တာမရောက်ခင် ရွှေပြည်သာအစာစက်ရုံမှာ အရင် ၁၅ ရက်လောက် နေရတယ်၊ အဲ့ဒီမှာတုန်းကဆို အနေကော အစားကော ခက်ခဲခံတယ်။ ရိုးမစင်တာရောက်မှ နည်းနည်း အဆင်ပြေတာ။ ရိုးမစင်တာမှာလည်း အောက်ဆီဂျင် အခက်အခဲကြောင့် သေဆုံးတာတွေ မျက်မြင်တွေ့ခဲ့ရတော့ ဒီနှစ်မှာလည်း လူတွေ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဟု ကိုဗစ်ရောဂါပိုး ကူးစက်မှုကနေ ပြန်လည်ကောင်းမွန်ခဲ့ရသည့် သူတစ်ဦးက ရင်ဖွင့်ပြောကြားသည်။
လက်ရှိတွင် တကမ္ဘာလုံးအတိုင်းအတာနှင့် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၄ နှစ်အတွင်း လူပေါင်း ၆ သန်း နီးပါးခန့် သေဆုံးခဲ့ရပြီး အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှု ကာလအတွင်း သေဆုံးသူ အများအပြားရှိခဲ့ပြီး ရန်ကုန်မြို့ရှိ သုဿာန်များတွင် သေဆုံးသူရုပ်အလောင်းများ စုပြုံထားသည်အထိ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီ် ကိုင်တွယ်သည့် ကိုဗစ်စင်တာများမှာလည်း ပြည့်ဝသည့် စောင့်ရှောက်မှုမျိုး မရရှိကြောင်း ပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်ခဲ့ရသည်။
ကမ္ဘာကပ်ရောဂါ ကူးစက်မှုကြောင့် တကမ္ဘာလုံးရှိ လူဦးရေ သန်း ၃၅၀ ကျော်အထိ ရှိလာခဲ့ပြီးနောက် ကာကွယ်ဆေး ဆေးထိုးနှံမှု အစီအစဉ်များနှင့် နောက်ဆုံးဖြစ်ပွားနေသည့် အိုမီခရွန် မျိုးကွဲသစ်၏ သေစေနိုင်သည့် အခြေအနေနည်းပါးမှုကြောင့်သာ သက်သာရာရသည့် အခြေအနေမျိုး ဖြစ်သော်လည်း WHO ကမ္ဘာ့ကျန်းမာရေးအဖွ့ဲကတော့ တကမ္ဘာလုံးရှိ ပြည်သူများ လုံး၀ မပေါ့ဆဖို့ လိုအပ်နေသေးကြောင်း ကြေညာထားသည်။
စာတည်း- AHL