မန္တလေးတိုင်း၊ မြင်းခြံမြို့ အခြေစိုက်ခမရ (၁၅)တပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးသေဆုံးခဲ့ကြောင်း Natoegyi People Defense Force (မြင်းခြံခရိုင် အမှတ် ၄တပ်ရင်း)က သတင်းထုတ်ပြန်သည်။
မေလ ၃၁ရက်နေ့ ၊နံနက် ၁၁နာရီ၄၅မိနစ်ခန့်တွင် ခမရ (၁၅) တပ်သို့ဝေဟင်မှဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ စိုးဝင်းလည်းပါတယ်လို့သိရတယ်၊သူတို့လာတာကရဟတ်ယာဥ်နှစ်စီးနဲ့လာပြီးတော့တပ်ထဲကိုဝင်တယ်၊ခမရ၁၅ထဲကိုဆင်းတယ်၊ဆင်းပြီးတော့ သံမဏိစက်ရုံကိုသွားတယ်၊ကျနော်တို့က ခမရ ၁၅ထဲ သူတို့ရောက်နေချိန် ကျနော်တို့ဗုံးကြဲခဲ့တာ” ဟု Natoegyi People Defense Force မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ခမရ (၁၅)တပ်ထဲကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်စစ်သား ၈ဦးလည်းဒဏ်ရာရခဲ့သည်ဟုသိရသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် NLDအစိုးရ လက်ထက်က ပိတ်ထားခဲ့သည့် MECပိုင် သံမဏိစက်ရုံ(၁) ကို ပြန်ဖွင့်ရန် လာရောက်စစ်ဆေးခဲ့သည်ဟုသိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရခြင်းအပေါ် MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်လာရောက်မည်ဟု ဆိုကာမေလ ၂၅ရက်နေ့မှစတင်ပြီးမြင်းခြံ မြို့တွင်း၌ စစ်သားအင်အားတိုးချ၍ လုံခြုံရေးတင်းကျပ်ခဲ့သည်။