မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်သွားသော ရခိုင်ပြည်နယ်တွင် မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ လက်ရှိအချိန်အထိ လျှပ်စစ်မီးပြတ်တောက်နေပြီး ရေသန့်စက်ရုံများလည်း ပျက်စီးမှုရှိနေသောကြောင့် မလည်ပတ်နိုင်ဖြစ်နေရသည်ဟု ဆိုသည်။
“ အခုက မီးက လုံးဝကိုမရဘူး။ မုန်တိုင်းစဝင်တည်းက ပျက်နေတာ အခုထိပဲ။ ရေလည်း မောင်းလို့မရဘူး။ ရေတွေတက်တော့ ရေကန်တွေလည်း ပင်လယ်ရေတွေဝင်ထားတာဆိုတော့ ကန်ရေလည်း သောက်လို့မရဘူး။ ရေတွေက မသန့်တော့ အစားအသောက်ချက်ပြုတ်ဖို့တောင် ခက်ခဲတယ်” ဟု ပုဏ္ဏားကျွန်းမှ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အစရှိသည်တို့ လိုအပ်ချက်ရှိလာပြီး သောက်သုံးရေလိုအပ်ချက်က အဓိက ဖြစ်နေကြောင်း မုန်တိုင်းရှောင်ပြည်သူများအား ကူညီမှုများပေးနေသည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
“ သောက်ရေလိုအပ်ချက်တွေ အများကြီးရှိတယ်။ တချို့ရွာတွေဆို သောက်ရေလုံးဝကို မရတော့တာ။ အခုက ရွာတွေမှာဆို ဝယ်လို့လည်းမရဘူး။ ကယ်ဆယ်ရေးသမားတွေကပဲ မြို့ပေါ်ကနေ ဝယ်ပြီး ပို့ပေးမှ ရကြမှာ။ မုန်းတိုင်းကြောင့် လမ်းခရီးက အရမ်းကို ခက်ခဲတယ်” ဟု မြောက်ဦးမြို့တွင် ကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့် မြောက်ဦးလူငယ်များအစည်းအရုံးမှ ကိုခိုင်မင်းသျှင်က ပြောသည်။
လက်ရှိချိန်တွင် သောက်သုံးရေရရှိရန်အတွက် အလွန်ခက်ခဲနေပြီး ဝယ်ယူရန်ပင် မရကြောင်း သိရသည်။
“ လျှပ်စစ်မီးက မုန်တိုင်းတိုက်တည်းက ပျက်တာ အခုထိမရသေးဘူး။ အခုကတော့ မီးစက်နဲ့ လည်ပတ်ပြီး သောက်ရေရအောင် လုပ်ပေးနေတယ်။ ၅၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ်နိုင်တယ်။ မီးစက်နဲ့လည်ပတ်နေရတာက ရေရှည်တော့ အဆင်မပြေနိုင်ဘူး။ ဒါပေမယ့် လုံးဝလည်း ရပ်ထားလို့ မရတော့ လည်ပတ်ပေးတာပေါ့” ဟု ရေသန့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မိုခါမုန်တိုင်း ဖြတ်သန်းဝင်ရောက်သွားသည့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ဝန်းတွင် ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာ ရှိခဲ့ပြီး အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်လျက်ရှိနေသည်။
“သောက်ရေကတော့ ရွာကကန်ရေကို သောက်ရတာပေါ့။ ရေက မကောင်းတော့ဘူး။ သုံးရေကတော့ ဦးပဉ္စင်းတို့ဘက်မှာ မြစ်ရေက ရေချိုဆိုတော့ အဲ့ဒီရေကို သုံးတယ်။ သောက်ရေက အရေးကြီးတယ်လေ။ အကုန်လုံး ဒုက္ခရောက်နေတာဆိုတော့ တတ်နိုင်သူတွေအနေနဲ့ ရေစစ်ဗူးတွေကို လှူစေချင်တယ်။ ရှိတဲ့ရေကို သန့်သန့်လေးစစ်သောက်လို့ရရင် အဆင်ပြေကြမှာလေ” ဟု ကျောက်တော်မြို့နယ်မှ ပရဟိတ ဆရာတော်တစ်ပါးက မိန့်သည်။
ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရေးနှင့်အတူ အခြေခံလိုအပ်ချက်များကိုလည်း နိုင်ငံတကာအနေဖြင့် ကူညီပေးနိုင်ရန် ရခိုင့်တပ်တော်၏ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တောင်းဆိုထားသည်။
စစ်ကောင်စီကလည်း ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ရိက္ခာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။