တနင်္သာရီတိုင်း၊ပုလောမြို့နယ် ၊ပုလောကုန်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးထက်မနည်း သေဆုံးကြောင်းသိရသည်။
မေလ ၄ရက်နေ့က ပုလောကုန်းကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့က သွားတိုက်တာပေါ့။သူတို့ဘက်က ဘယ်လောက်သေတယ်ဆိုတာ အခုထိသေချာအတည်မပြုနိုင်သေးဘူး။တိုက်ပွဲက နှစ်ကြိမ်ဖြစ်တာ။သေချာတာတော့ ၃ဦးထက်မနည်းသေတယ်” ဟု ၎င်းကပြောသည်။
စစ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး MPAအနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ပုလောကုန်းတိုက်ပွဲသည် ယမန်နေ့ နံနက် ၆နာရီမှ ၁၂နာရီအထိ ၆နာရီကြာဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂နာရီမှ ၃နာရီအထိ ဒုတိယအကြိမ်ထပ်မံဖြစ်ပွားခဲ့သေးသည်။
“ ကျွန်တော်တို့စစ်ကြောင်းက ပထမအကြိမ်မှာ အသာရတယ်။ဒုတိယအကြိမ်ကျ ခွာပစ်ပြီး ဆုတ်တာပေါ့။သူတို့ဘက်က အင်အားများလို့ သိမ်းတော့မသိမ်းနိုင်ခဲ့ဘူး။တိုက်ပွဲက အကြာကြီးဖြစ်သွားတယ်” ဟု ၎င်းကပြောသည်။
ပုလောကုန်းတိုက်ပွဲပြီးချိန်တွင် KNUတပ်မဟာ ၄၊ရင်း ၇၊ ခွဲ၂ရှိ KNDOတပ်ဖွဲ့နှင့် ပုလောအခြေစိုက် KPDFတပ်ဖွဲ့တို့ ပူးပေါင်းကာ နန်းတောင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ်ခဲ့သေးကြောင်းသိရသည်။