ရန်ကုန်မြို့တွင် အလှည့်ကျ မီးပေးနေသည်ဟုဆိုသော်လည်း ဆင်ခြေဖုံးမြို့နယ်အချို့တွင် မီးပိုပျက်နေကြောင်း သိရသည်။
ယခုနှစ်မတ်လ ပထမအပတ်တွင်း လျှပ်စစ်မီးပြတ်တောက်မှုပိုမိုဖြစ်ပွားလာပြီး တစ်ရက်လျှင် ငါးနာရီခန့်သာ မီးလာသည့် ရက်မျိုးလည်း ရှိကြောင်း လှိုင်သာယာမြို့နယ်၊ ငါးထိပ်မှတ်တိုင်အနီးနေသူတစ်ဦးက ပြောသည်။
“ မီးက အင်းစိန်နဲ့ ငါးထိပ်တောင်မတူဘူး။ အင်းစိန်ဘက်မှာ မီးလာရင်တောင် ဒီဘက်က ပျက်နေတာ။ ပုံသေလာတယ်ဆိုမရှိဘူး။ မတ်လ၂၂ရက်နေ့ကဆို တစ်နေ့လုံးနေမှ မီး ငါးနာရီပဲလာတယ်။ဒါတောင် ငါးနာရီဆက်တိုက်လာတာမဟုတ်ဘူးနော် ပျက်လိုက်လာလိုက် သုံးခါလောက်ဖြစ်ပြီးမှလာတာ” ဟု ၎င်းကပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ သာမန်ပြည်သူများနေထိုင်သည့် ရပ်ကွက်များတွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများနေကြောင်း သိရသည်။
“ ရွှေပြည်သာမှာက လေးနာရီလာ လေးနာရီပျက်နဲ့သွားနေရတာ။၅ရပ်ကွက်က လာတာတစ်မျိုး။သံဒင်းဘက်က လာတာတစ်မျိုးဖြစ်နေတာ။ဒီလ၃ရက်နေ့လောက်ထိက ၄နာရီလာ ၄နာရီပျက်ပဲ။နောက်ပိုင်းတော့မမှန်တော့ဘူး။ဒီနေ့ဆို မနက်၈နာရီထဲက ပျက်တာ အခုထိမလာသေးဘူး။ည၇နာရီလောက် လာရင်ကံကောင်းပဲ” ဟု ရွှေပြည်သာမြို့နယ်၊အမှတ် ၉ရပ်ကွက်နေသူတစ်ဦး ကပြောသည်။
ရန်ကုန်မြို့၊ပန်းဘဲတန်း၊ကျောက်တံတားနှင့် လသာမြို့နယ်များတွင်မူ ပုံစံ၂မျိုးဖြင့် လျှပ်စစ်မီးရရှိနေကြောင်း ကျောက်တံတားမြို့နယ်၊လမ်း ၄၀နေသူ အမျိုးသားတစ်ဦးကပြောသည်။ “ ဒီမှာက မနက် ၅နာရီလာရင် ၁နာရီဆိုပျက်ပြီ။ညနေ ၅နာရီမှ ပြန်လာတယ်။ပြီးရင်ထပ်မပျက်တော့ဘူး။မနက် ၉နာရီလာတဲ့ရက်ကျရင် ညနေ ၅နာရီပျက်တယ်။ည ၁၁မှ ပြန်လာတယ် ပုံမှန်တော့ မရှိဘူး။နေ့လည်ဘက်ပျက်တဲ့ ရက်ကပိုများတာပေါ့။ဓာတ်ဆီဆိုင်နဲ့ EPCက လင်မယားလားမှတ်ရတယ်။ကျွန်တော်ဆိုဆိုင်ဖွင့်ထားတော့ ရေခဲမုန့်တွေမပျော်အောင်နဲ့ ရေခဲတွေဘာမှ မဖြစ်အောင် မီးစက်နှိုးထားရတယ်။အခုနောက်ပိုင်းတော့ ဆီဖိုးတွေ မနိုင်တော့လို့ အပျော်ပဲခံလိုက်တော့တယ်” ဟု၎င်းကပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ စမ်းချောင်း၊ကြည့်မြင်တိုင်၊သာကေတ၊သင်္ဃန်းကျွန်းနှင့် ကျောက်တံတားမြို့နယ်များ၏ လျှပ်စစ်မီးရရှိမှုသည် ပုံစံကွဲလွဲမှုသိပ်မရှိသော်လည်း ရွှေပြည်သာ၊တောင်ဒဂုံနှင့် လှိုင်သာယာမြို့နယ်တို့တွင်မူ အချိန်အတိအကျမရှိဘဲ မီးပြတ်တောက်မှုများ ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။