စစ်ကိုင်းမြို့မှ မြင်းမူသို့ ညဘက်ထွက်ခွာလာသော စစ်ကားတစ်စီး မိုင်း၁၈လုံး အဆွဲခံရပြီး စစ်သား ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း People’s Knight Defense Force-MMU ကထုတ်ပြန် သည်။
မတ်လ ၂၉ ရက် ည ၉ နာရီ မိနစ် ၄၀ ဝန်းကျင်အချိန်တွင် မြင်းမူမြို့ နှင့် အလ္လကပ္ပ ရွာကြား၌ မိုင်းပွိုင့် ၆ ပွိုင့် ဖြင့် မိုင်း ၁၈ လုံးဆွဲခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ကားသည် မြင်းမူမြို့နယ်၊ဘိုးမင်းကြီးကင်းရွာတပ်စခန်းအကြီးအကဲ စစ်ဗိုလ်အပြောင်း အလဲ လုပ်ရန်အတွက် စစ်ကိုင်းမှ စစ်ဗိုလ်ကို လုံခြုံရေးယူ လိုက်ပို့ပေးခြင်းဖြစ်သည်။
“ဗိုလ်အပြောင်းအလဲလုပ်ဖို့ဆိုပြီး ဘိုးမင်းကြီးကင်းရွာကို လာမယ်လို့ သတင်းရတာနဲ့ မိုင်းထောင်ထားတာ။ညတွင်းချင်းလာတာပဲ ။စစ်ကားထဲမှာ အင်အားအပြည့်ပဲ ၄၀ လောက်ရှိမယ်။မြင်းမူ နဲ့ ဝမ်း ပြည့်ကြားမှာမိုင်း ၂ လုံး ဆွဲလိုက်တာကထိတယ်။ ဝမ်းပြည့်နဲ့ အလ္လကပ္ပ ကြားမှာ ၄လုံး မြောက်ရယ် ၆ လုံး မြောက်ရယ် ထိတာဗျ ။ကင်းသမားတွေပြောတာကတော့ ၁၃ ယောက်လောက်သေတယ်လို့ပြောတယ်။ညတွင်းချင်းပဲ သူတို့တပ်စွဲထားတဲ့ ဘိုးမင်းကြီးကင်းရွာ ကိုကား တစ်ခြမ်းစုတ်ကြီးနဲ့ သယ်သွားတာ”ဟု People’s Knight Defense Force-MMU မှ တာဝန်ခံ ဗိုလ်အေးချမ်းက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားသည့် စစ်သားများသည် ၅ မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး သေဆုံးစစ်သားများကို ဘိုးမင်းကြီးကင်းရွာ သို့ သယ်ဆောင်သွားကြောင်းသိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါ တိုက်ခိုက်မှုများကို People’s Defense Force-MMU နှင့်အတူ Dog Killers Defense Force-MMU၊D.B.B.F-MMU တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၈ ရက်နေ့ကလည်း ဘိုးမင်းကျီးကင်းရွာတွင်တပ်စွဲထားသော စစ်သားများကို People’s Knight Defense Force-MMU နှင့်မဟာမိတ်များက ညလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးသည်။