ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေသဖြင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို ယာယီပိတ်ထားကြောင်းသိရသည်။
ယနေ့မနက် ၄နာရီ ၃၀မိနစ်ကျော်ကစတင်ပြီး မြဝတီ၊ မဲကနယ်အုပ်စုအတွင်း စစ်ကောင်စီဂိတ်စခန်းတစ်ချို့ကို KNLA ၊PDF ပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြဝတီကားဝန်းအတွင်းရှိ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
“ ဒီနေ့မနက် ၄ခွဲလောက်ထဲက စဖြစ်နေတာ။စစ်ကောင်စီတပ်နဲ့ KNUတပ်ဖွဲ့တွေဖြစ်နေတာ။ဘယ်အဖွဲ့လဲတော့ သေချာမသိဘူး။PDFတွေလည်းပါတယ်” ဟု မြဝတီကားဝန်းအတွင်းရှိ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
ရန်ကုန်မြို့မှ မြဝတီမြို့သို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက မြဝတီ-ကော့ကရိတ်လမ်းပိုင်းဖြစ်သည့် အာရှလမ်းမကြီးအား ယနေ့မနက် ၆နာရီခန့်က ယာယီပိတ်ထားကြောင်း MPAသို့ အတည်ပြုသည်။
“ မနက် ၆နာရီလောက်က အာရှလမ်းပိုင်းကို ပိတ်လိုက်တာ။မြဝတီ BGFတွေက ဖြတ်သန်းခွင့်မပြုတာပေါ့။အာရှလမ်းမကြီးပေါ်မှာ ဗုံးသီးတွေကျနေလို့ လမ်းသွားလမ်းလာတွေ ထိမှာပူနေရတာ” ဟု ၎င်းက ပြောသည်။
ယနေ့မနက် ၆နာရီကျော်မှ စတင်ပြီး မြဝတီမြို့နယ်၊သင်္ဃန်းညီနောင် ရဲစခန်းအနီးတွင် စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင်အင်အားစုများ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မီးလောင်ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဒေသခံတချို့ကပြောသည်။
လက်ရှိတွင် မြဝတီမြို့တွင်းရှိ စစ်ကောင်စီတပ်များနှင့် ၎င်းတို့လက်အောက်ခံBGFတပ်များက ကားသုံးစီးဖြင့် ကင်းလှည့်လည် လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။