မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်း-ဆေးမင်းတောလမ်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်တို့ ၄ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးရှိခဲ့သည်ဟု Yaw Revolution Army-ထီးလင်းက ထုတ်ပြန်သည်။
တပ်မ ၇၇နှင့် အခြားတပ်မများ ပူးပေါင်းထားသော ကား ၃၃ စီး ဖြင့် အင်အား ၂၀၀ ကျော်ပါ သည့် စစ်ကောင်စီစစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၅/၁၆/၁၇) ဖြစ်သော Yaw Revolution Army – ထီးလင်းနှင့် အခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မတ်လ၁၅ရက်မှ ၁၈ရက်နေ့အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကာ၊ ၃၀ ကျော် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
လေးရက်တာတိုက်ပွဲအတွင်း မိုင်းဆွဲမှုပေါင်း ၄ ကြိမ်နှင့် လက်နက်ကြီးလက်နက်ငယ်ဖြင့်အပြန်အလှန်ပစ်ခဲ့မှု ၂ ကြိမ်ရှိခဲ့ပြီး YRA-ထီးလင်း၏ တပ်ခွဲမှူးရဲဘော် ကျော်မင်းလွင်ကျဆုံးကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။
မိုင်းဆွဲတိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ရွှေခုံတိုင်ကျေးရွာက နေအိမ် ၈ လုံးအား မီးရှို့ဖျက်ဆီးပြီး အနီးရှိကျေးရွာများက အပြစ်မဲ့ပြည်သူ ၆ ဦးအား သတ်ဖြတ်ခဲ့သည်ဟု YRA-ထီးလင်း တာဝန်ခံ သခင်ဇော်က အတည်ပြုသည်။
“ရွှေခုံတိုင်ကျေးရွာ မရောက်ခင်မှာ ကျွန်တော်တို့ ပဒေသာမိုင်းဆွဲခဲ့တဲ့အခါ သူတို့ဘက်(စစ်ကောင်စီစစ်ကြောင်း) က ထိခိုက်ကျဆုံးမှုတွေတော်တော်များများဖြစ်ခဲ့တယ်ပေါ့။ ပြီးတော့ရွှေခုံတိုင်ရွာကိုဝင်တယ် ။နေအိမ် ၈ လုံးကို မီးရှို့တယ်ဗျ။ အဲ့အထဲမှာ ထူးခြားတာက မျက်မမြင်အမျိုးသမီး အသက် ၈၀ လောက်ရှိတဲ့အဘွားအိုတစ်ယောက် အိမ်ထဲမှာ အရှင်လတ်လတ်မီးရှို့ခံလိုက်ရတယ်ဗျ” ဟု ၎င်းက MPA သို့ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၁၅ ရက်တွင် အသက် ၈၀ အရွယ် ဒေါ်ခင်ပုကိုမီးရှို့သတ်ဖြတ်ခဲ့ပြီး၊ မတ် ၁၆ တွင် အသက် ၇၀ ကျော်အရွယ် ဦးကားကျော်နှင့် အသက် ၅၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ဦးသန်းထွေးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ မတ်လ ၁၈ရက် တွင် အသက် ၄၀ အရွယ် စိတ်ကျန်းမာရေးမကောင်းသူ ဦးသန်းမင်းအောင်ကို သတ်ဖြတ်ခဲ့ပြီး အသက် ၄၀ အရွယ် ဦးဘိုတင်ကို သစ်ပင်နှင့်တွဲချည်ကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
အလားတူ မတ်လ ၁၈ရက် တွင် ဆေးမင်းတောကျေးရွာမှ ဆယ်တန်းကျောင်းသား မောင်ပြည့်ဖြိုးကျော် လက်ပြန်ကြိုးတုပ်လျက် သတ်ဖြတ်ခံထားရကြောင်းတွေ့ရပြီး စစ်ကောင်စီတပ်သားများ၏ လက်ချက်ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု YRA-ထီးလင်းက ထုတ်ပြန်ထားသည်။