စစ်ကောင်စီက အရပ်သားပြည်သူ ၇၀၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သော် လည်း နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေး ထိရောက်သည့် အကူအညီပေးရန် ပျက်ကွက်နေဆဲဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်များက မြန်မာနိုင်ငံ တစ်ဝန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ် ကျူးလွန်ခဲ့ရာ သေဆုံးသူပေါင်း ၇၆၆ ဦး ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။
“ကြောက်မယ်ဖွယ်ကောင်းတဲ့ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေဟာ စစ်တပ်အတွက် သာမန်လုပ်ရိုးလုပ်စဉ်တစ်ခု လုပ်နေသလို ယဉ်ပါးနေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒီနေ့ထိတိုင် အမေရိကန် Burma Act ကလွဲရင် နွေဦးတော်လှန်ရေးအတွက် ခြူးတစ်ပြားတောင် အထောက်အပံ့မပေးဘူး”ဟု ၎င်းကပြောသည်။
၂၀၂၃ ခုနှစ်အတွင်း မတ်လ (၁၃) ရက်နေ့အထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် (၁၁) ကြိမ် ရှိခဲ့ပြီး ပြည်သူ(၁၀၃)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊နမ်နိန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သံဃာ (၃)ဦး အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၁၉ ဦး ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ ပူးတွဲ၍ ယနေ့နံနက် ၁၀ နာရီ၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်လျက်ရှိသည်။ မတ်လ၁၁ရက်နေ့၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်နေလင်းအောင် ကွပ်ကဲသည့် ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇) နှင့် စကခ-၁၈ ၊တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကွပ်ကဲသည့် တောင်ကြီးမြို့အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် က စစ်သားများ ကျူးလွန်ခဲ့ကြောင်း NUG အစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကဆိုသည်။
၂၀၂၂ ခုနှစ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ၄၄ ကြိမ်ရှိခဲ့ပြီး ပြည်သူ ၅၁၅ ဦး သေဆုံးခဲ့ သည်။
၂၀၂၁ ခုနှစ်အတွင်းမှာလည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၉ ကြိမ်ရှိခဲ့ပြီး ပြည်သူ ၁၄၇ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
“စစ်တပ်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ နှစ်အလိုက် ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် ၂၀၂၁ မှာ ၁၄၇ ဦး ရှိခဲ့ရာကနေ ၂၀၂၂ မှာ ၅၁၅ ဦး ဆိုတော့ ၃ဆခွဲကျော် မြင့်တက်လာတာ တွေ့ရတယ်။ အဲဒါဟာ စစ်အုပ်စု ဘာလဲဆိုတာ သက်သေပြနေတယ်”ဟု နိုင်ငံရေးသုံးသပ်သူကပြောသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်ညက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာအနီး ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ အယောက် ၈၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အပြစ်ပေး အရေးယူနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ထားသည်။