မန္တလေး၊အိုးဘိုထောင်တွင် နိုင်ငံရေးအကျဥ်းသူများအပေါ် ထောင်ဝန်ထမ်းများက အင်အားသုံးအကြမ်းဖက်ခြင်းအပြင် လိုက်ပါကူညီဆောင်ရွက်ပေးနေသူ နှင့် မိသားစုဝင်များ ပါစောင့်ကြည့်ခံနေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နှင့် ၄ ရက်နေ့တို့တွင် အိုးဘိုအကျဥ်းထောင်၌ နိုင်ငံရေးအကျဥ်းသူတစ်ဦးအား ရိုက်နှက်ကာမိုက်မိုက်ရိုင်းရိုင်း ပြောဆိုရာမှ အချင်းများခဲ့ရာ ပြေလည်အောင်ဖြေရှင်း ပေးခြင်းမရှိ သည့်အပြင် အမျိုးသမီးအိပ်ဆောင်များအထိ အမျိုးသားထောင်ဝန်ထမ်း များ ဝင်ရောက်ရောက်ရိုက်နှက်ခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသူများကို ကူညီပေးနေသူ တစ်ဦးထံက သိရသည်။
“သတင်းကြားကြားချင်း ကျမတို့သမီးလေးကိုစိတ်ပူလို့ ထောင်ကိုသွားတော့။ထောင်ဝင်စာပိတ်ထားတယ်လို့ပြောတယ်။ဘာအဆက်အသွယ်မှ မရဘူး။နောက်မှ တစ်ဆင့်သိရတာက ကျမသမီးလေးတွေကို ထောင်ရွှေ့လိုက်ပြီလို့ သိလိုက်ရတာပါ။ကျမ သမီးလေးကို စဖမ်းချိန်ကစပြီး စစ်ကြောရေးမှာ ဓားနဲ့အမွှန်းခံရတာတွေရှိတယ်။ဖေဖော်ဝါရီဖြစ်စဥ်မှာ ကျမ သမီးလေး ထိခိုက်ဒဏ်ရာတော်တော်လေးရတယ်လို့ကြားတယ်။ခုအချိန်ထိ ကျမ သမီးလေးကိုတွေ့ခွင့်မရသေးပါဘူး။ကျမတို့လည်းအိမ်မှာမနေရဲဘူး။အိမ်ကို ခဏခဏ လာစောင့်ကြည့်နေတာတွေလုပ်တယ်”ဟု နိုင်ငံရေးအကျဥ်းသူတစ်ဦး၏ မိခင်က ပြောသည်။
အမျိုးသမီးအိပ်ဆောင်များအထိ အမျိုးသားဝန်ထမ်း အင်အား ၁၅၀ ခန့်က ဒိုင်းကာ၊လောက်လေးခွ၊သံဒုတ်၊ဝါးဆစ်ပိတ်နှင့်ကျဥ်စက်များအသုံးပြုကာ ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းကြောင့် ဦးခေါင်းကွဲသူ ၆ ဦး၊နားရွက်ပြတ်ရှ ဒဏ်ရာရရှိသူ ၂ ဦး၊မျက်လုံးအနီး လေးခွမှန်သူ ၃ ဦး၊လက်ကျိုးသူ ၁ ဦး၊နှာရိုးကျိုးသူ ၁ ဦး နှင့်မျက်မှန်ကွဲပြီး မှန်စ မျက်လုံးထဲဝင်သူ တစ်ဦး အပြင်အခြားထိခိုက်ဒဏ်ရာရသူများစွာရှိကြောင်းသိရသည်။
“အိုးဘိုထောင်ဖြစ်စဥ်က ဖေဖော်ဝါရီ ၃ ရက် နဲ့ ၄ရက်မှာ ထောင်ထဲမှာရှိနေတဲ့ ကျမတို့အမျိုးသမီးရဲဘော်တွေကို အင်အား ၁၅၀ လောက်နဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေက ရက်ရက်စက်စက် ရိုက်နှက်ခဲ့တာမှာ အမျိုးသမီးနိုင်ငံရေးအကျဥ်းသူ ၁၀၀ ကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ဒီကိစ္စကသေးသေးလေးမဟုတ်ပါဘူး။ဝင်ရောက်ရိုက်နှက်တာက အမျိုးသားဝန်ထမ်းတွေပါ”ဟု မန္တလေးသပိတ်အင်အားစုကော်မတီဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဒဏ်ရာရ အမျိုးသမီးနိုင်ငံရေးအကျဥ်းသူများကို ဆေးကုသခွင့် မပေးသည့်အပြင် ထောင်ပြောင်းရွှေ့ခြင်း၊တိုက်ပိတ်ခြင်းနှင့်ထောင်ဝင်စာပိတ်ခြင်းများကိုပါ အိုးဘိုအကျဥ်းထောင်အာဏာပိုင်များက ပြုလုပ်နေကြောင်း နိုင်ငံရေးအကျဥ်းသူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။
အိုးဘိုထောင်အကြမ်းဖက်ဖြစ်စဥ်ကြောင့် နိုင်ငံရေးအကျဥ်းသူ ၁၀၀ ကျော် ဒဏ်ရာရရှိပြီး ၂၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင်ထုတ်ပြန်ထားသည်။
နိုင်ငံရေးဖြင့်ဖမ်းဆီးခံရသည့်အမျိုးသမီးများကို စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ၊အမျိုးသမီးအင်္ဂါအတွင်းသို့ မာကျောသောအရာများထိုးသွင်းခြင်း၊ဖယောင်းတိုင်များထိုးသွင်းခြင်း၊ရေခဲချောင်းထိုးသွင်းခြင်းအပြင် အဝတ်ဗလာဖြင့် စစ်ဆေးမေးမြန်းခြင်းများကိုပြုလုပ်ခဲ့ကြောင်း မန္တလေးသပိတ်အင်အားစုကော်မတီဝင် အမျိုးသမီးက ပြောသည်။