စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာ ကိုမီးရှို့ပြီးပြန်လာသည့် စစ်တပ်အား ပဒေသာမိုင်း ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်များနိုင်ကြောင်း ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်း၊တပ်ခွဲ(၁)Eagle Guerrilla Force ထံကသိရသည်။
မတ်လ ၃ ရက်၁၁နာရီမိနစ်၂၀ခန့်တွင်လှတောရွာ၊ ကျီးကန်တောင်ရွာ၊ မြောက်ရွာ၊ စိုင်နိုင်ကြီးရွာနှင့် ဘုန်းဘွဲ့ရွာတို့ကို မီးရှို့ပြီး ထွက်လာသော အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်အား ဘုန်းဘွဲ့ နှင့်ရွာသစ်ရွာ ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စိုင်နိုင် ကနေ မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းက ၁၁နာရီ ၂၀မှာ ဘုန်းဘွဲ့ကိုရောက်ပြီး မီးစရှို့တယ်။ ဘုန်းဘွဲ့ကနေ အထွက် ရွာသစ် မရောက်ခင်လမ်းမှာ မိုင်းဆွဲတာ။ သူတို့က ခြေလျင်လျှောက်လာကြတာ မိုင်းပွိုင့်ပေါ်အရောက်ဆွဲလိုက်တာ။ မိုင်းဆွဲတဲ့အချိန် လဲသွားတဲ့ကောင်တွေကို တွဲခေါ်သွားတဲ့ကောင်တွေနဲ့ ကျန်တဲ့ကောင်တွေနဲ့ ရမ်းပစ်နေတဲ့ကောင်တွေနဲ့။ တအားပစ်ပြီး နောက်ပြန်ဆုတ်သွားတာ။ ကျနော်တို့မှာက မောင်းပြန်မရှိတော့ ဆက်လိုက်လို့မရတော့ဘူး။ မောင်းပြန်သာရှိရင် လဲနေတဲ့ခွေးတွေကိုရော တွဲခေါ်သွားတဲ့ကောင်တွေကိုရော ကျနော်တို့ပစ်လို့ရတယ်။ခုကျတော့ စစ်ကြောင်းကလည်း ထိုးနေတာရယ်။မောင်းပြန်မရှိတာရယ်ကြောင့်။ ကျနော်တို့က မိုင်းသာဆွဲလိုက်ရတာ သူတို့သေ မသေ မသိရဘူး။ နောက်မှသာ ဘယ်ရွာဘယ်နေရာမှာ စစ်သားအလောင်းကို မီးရှို့သွားတယ် ဆိုတာ ကျနော်တို့ပြန်သိရတာ”ဟု Eagle Guerrilla Force တပ်ရင်းမှူးရဲဘော်ကောက်ရိုးက ပြောသည်။
မိုင်းဆွဲခံရသည့် စစ်ကြောင်းသည် ရွှေဘိုမြို့သို့ ပြန်ဝင်လာစဉ် ဇီးတောတံတားအနီးအရောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရော့ကက်ဖြင့် ၆ ချက်ပစ်ခတ်ခဲ့သေးသည်။
မတ်လ ၂ရက် ကလည်း စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေး ကြောင်း Eagle Guerrilla Force ကထုတ်ပြန်ထားသေးသည်။