စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ် မီးဘေးသင့်ပြည်သူများကို ကျပ်သိန်း၁၀၀၀တန်ဖိုးရှိ အိမ်၊လုပ်ငန်း နှင့် အခြားအကူအညီများ ယခုလအတွင်း ပံ့ပိုးသွားမည်ဟု S&C မီးဘေး စစ်ဘေး ပညာရေးကူညီ စောင့်ရှောက်ရေး အဖွဲ့ ထံက သိရသည်။
ယခုလအတွင်း စစ်တပ်မီးဘေးသင့်ပြည်သူများအတွက် အိမ်အလုံး၁၀၀၊ ယက်ကန်းစင် ၁၀စင် ၊ ကလေးများ ပညာသင်ကြားနိုင်ရန် စစ်ရှောင်စာသင်ကျောင်း ၃ ကျောင်း၊ S&C ကိုယ်ပိုင် ကွန်ပျူတာ သင်တန်းကျောင်း တစ်ခုနှင့် မီးဘေးသင့်ရွာ ၁၃ ရွာအတွက် ဆန်ဆီများ ဝေပေးရန် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိနေကြောင်း S&C ကထုတ်ပြန်သည်။
“ကျနော်တို့ စုစုပေါင်း သိန်း ၁၀၀၀ လောက် ကုန်မယ်လို့ မှန်းထားတယ်”ဟု S&C တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရက်ကန်းစင် ၁၀၀ ကျော် ပျက်စီးခဲ့သည့် ရွှေဘိုမြို့နယ်၊ ထူးကြီးရွာက ဒေသခံများအား ရက်ကန်းစင် ၁၀ စင် စတင်လှူဒါန်းနိုင်ရန် ဆောင်ရွက်နေကြောင်း S&C တာဝန်ရှိသူက ပြောကြားထားသည်။
S&C အဖွဲ့သည် စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်တို့ရှိ စစ်တပ်မီးဘေးသင့်ပြည်သူများ အတွက် အိမ်အလုံး ၄၀၀ ဆောက်လုပ်လှူဒါန်းပြီး ဖြစ်သည်။
“အိမ်တစ်လုံးရဲ့တန်ဖိုးက ဒေသအပေါ်လိုက်ပြီးမတူပါဘူး။ အိမ်အလုံး ၄၀၀ အတွက် စုစုပေါင်းကုန်ကျစရိတ်က သိန်း၈၀၀ကျော်ပါ”ဟု ၎င်းကပြောသည်။
အိမ်တစ်လုံး’ကုန်ကျစရိတ်မှာ ကျပ်၂သိန်း၊၂သိန်း၃သောင်းနှင့် ၂သိန်းခွဲတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ရှောင်စာသင်ကျောင်း၉ကျောင်းအထိလည်း အောင်မြင်စွာထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း လည်း ဆိုသည်။