အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်အရေးနှင့်ပတ်သက်ပြီး ရခိုင်လူမျိုးအချို့ကို အသုံးချကာ အချင်းချင်း သွေးခွဲအုပ်ချုပ်နေသည်ဟု ရခိုင်အရပ်ဘက်အဖွဲ့များနှင့် ရခိုင်အရေး လေ့လာစောင့်ကြည့်နေသူများက ဆိုကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်ထဲသို့ ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဒေါ်အေးနုစိန်နှင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးဇော်အေးမောင်တို့ကို ခေါ်ယူနေရာပေးခဲ့သည်။
အဆိုပါ နှစ်ဦးသည် စစ်ကောင်စီပေးသည့် ရာထူးနေရာများကို လက်ခံဆောင်ရွက်သဖြင့် ANP နှင့် ရခိုင်လူထုကြားတွင် အချင်းချင်း သွေးကွဲမှုများနှင့် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။
” စစ်ကောင်စီခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဥ်မှာ ရခိုင်လူမျိုးတွေကို ရှေ့ထုတ်ကစားလာပါတယ်။ နောက်ပြီး ပါတီမှတ်ပုံတင်ရေးမှာ ဆိုရင်လည်း သူတို့ပြန်လွှတ်ပေးထားတဲ့ ဒေါက်တာအေးမောင်နဲ့ ကစားနေတာကို တွေ့ရပါတယ်။ အဓိက ရခိုင်တွေကို အသုံးချပြီး အချင်းချင်းသွေးခွဲနေတာပေါ့” ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုက MPA သို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအရဟု အကြောင်းပြပြီး သက်တမ်းတိုးထားသည့် စစ်ကောင်စီ၏ ရခိုင်ခရီးစဥ်တွင် ရခိုင်လူမျိုးများ ဒုဝန်ကြီးများဖြစ်သော သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်နုမြဇံနှင့် တိုင်းရင်သားလူမျိုးရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမောင်တို့ကို အဓိက စေခိုင်းအသုံးပြုလာသည်ဟု ဆိုကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရခိုင်ခရီးစဥ်တွင် ထို ဒုဝန်ကြီးနှစ်ဦးလည်း အတူပါဝင်လာပြီး စစ်တွေမြို့ရှိ အိန္ဒိယအစိုးရ၏ ကုလားတန်စီမံကိန်းမှ စစ်တွေဆိပ်ကမ်းသို့ လာကြည့်ချိန်တွင် ထိုနှစ်ဦးကို စစ်ခေါင်းဆောင်အနီးဆုံးတွင် တွေ့ရသည်ဟု ရခိုင်ပြည်သူများက ဆိုကြသည်။
” နှစ်ယောက်စလုံးက ရခိုင်လူမျိုးတွေကြားမှာ လူသိများထင်ရှားကြသူတွေ၊ နောက်ပြီး သူတို့က ပညာတတ်တွေဆိုတော့ သူတို့အပေါ် ယုံကြည်ထောက်ခံသူတွေလည်း အတိုင်းအတာတစ်ခုအထိရှိတာပေါ့။ ဒါကို စစ်ကောင်စီက ကောင်းကောင်းအသုံးချနေတာပါ” ဟု ရခိုင်အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
ထို့အပြင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကိုလည်း စစ်ခေါင်းဆောင်၏ ဘေးတွင် အနီးကပ်တွေ့မြင်ရပြီး သူသည် ၂၀၁၀ ရွေးကောက်ပွဲ ကာလမှ စစ်တပ်ကအာဏာသိမ်းချိန်အထိ စစ်တွေ မြို့မိမြို့ဖတစ်ဦးနှင့် လူမှုရေးလှုပ်ရှားသူတစ်ဦးအဖြစ် ရခိုင်လူထုကြားတွင် ရပ်တည်ခဲ့သူဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီ ခေါင်းဆောင်၏ ရခိုင်ခရီးစဥ်မတိုင်မီ စစ်ကောင်စီခေါင်းဆောင်အသစ် ခန့်အပ်လိုက်သည့် စစ်တပ်အရာရှိဟောင်း ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်မှ နာမည်ကြီး တေးရေးဆရာ၊ စာရေးဆရာများ၊ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ရခိုင်စီးပွားရေးလုပ်ငန်းရှင်အချို့ကို ခေါ်ယူ တွေ့ဆုံစည်းရုံးခဲ့သည်ဟုလည်း စစ်တွေမြို့ခံများက ဆိုကြသည်။
ထို့အပြင် စစ်ကောင်စီခေါင်းဆောင်၏ ရခိုင်ခရီးစဥ်တွင်လည်း ထိုသူများထဲမှ စစ်အာဏာသိမ်းမှုကို ထောက်ခံလိုလားသူများ၊ ပြည်နယ်စစ်ကောင်စီဝန်ကြီးများနှင့် အကျိုးစီးပွားအရ ဆက်စပ်နေသူများကိုသာ ခေါ်ယူပွဲထုတ် အခွင့်အရေးပေးခဲ့သည်ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်ထောက်ပြကြသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ရာတွင်လည်း စစ်အာဏာသိမ်းမှုကို ထောက်ခံလိုလားသော ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) သည် ရခိုင်အမျိုးသားပါတီ (ANP) အပါအဝင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကို လိုလားထောက်ခံသည့် ရခိုင်ပါတီနိုင်ငံရေးသမားများကို စစ်ကောင်စီကအမှုဖွင့် ဖမ်းဆီးအရေးယူနိုင်ရန် လမ်းကြောင်းပြ ပြောဆိုနေသည်ဆိုသော ဝေဖန်မှုများ မြင့်တက်နေသည်။
ထို AFP ပါတီဝင်များထဲမှလည်း ULA/AA နှင့် ဆက်စပ်သူများ ရှိပါ၊ ဖြစ်ပါက နုတ်ထွက်သွားကြရန် တရားဝင် ဝေဖန်ပြောဆိုထားပြီး ULA/AA ဘက်ကမူ စစ်ခေါင်းဆောင်၏ ရခိုင်ခရီးစဥ်အပါအဝင် ရခိုင်တွင် စစ်ကောင်စီလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေသည်ဟု ထုတ်ဖော် သတိပေးထားသည်။