၁၂ နှစ်သားအရွယ်တုန်းက တိုးတိုးတိတ်တိတ်ကြားခဲ့ရတဲ့စကားတစ်ခွန်းရှိတယ်။ ထဘီလာတယ်တဲ့။ စ ကြားခါစက ဘာမှန်းမသိ မျက်လုံးလည်း ကလယ်ကလယ်၊ နောက်ပိုင်း ကိုယ်ထက်လူရည်လည်တဲ့ သူငယ်ချင်း တစ်ယောက်က ရှင်းပြတော့မှ အပျိုအရွယ်မိန်းကလေးတွေ လစဉ် သွေးဆင်းတယ်ဆိုတာကို ထပ်သိရတယ်။
ပြီးတော့ နောက်ထပ် စကားလုံးသစ် ‘ရာသီလာတယ်’ ဆိုတာကို ထပ်ကြားရပြန်တယ်။ စကားလုံးတွေ က ခပ်များများ ဓမ္မတာလာတယ်တဲ့။ ရာသီသွေးပေါ်တယ်တဲ့။ သွေးဆင်းနေတယ်တဲ့။ထမီလာတယ်ဆိုတာကတော့ ကျနော်တို့ တောဘက်ကအသုံး။
ကျနော်တို့လူ့အဖွဲ့အစည်းက အသုံးအနှုန်းတွေက သူ့နေရာနဲ့သူ သုံးခိုင်းတယ်။ ရာသီလာတယ်ဆိုတဲ့ အသုံးကို မယဉ်ကျေးတဲ့အသုံး၊ အများပြည်သူပလက်ဖောင်းမှာ အသံထွက်ပြောဆိုဖို့မပြောနဲ့၊ စာနဲ့ရေးသားဖော်ပြဖို့ပင် မသင့်တော်တဲ့အသုံး။ ယောကျာ်းချင်း၊ မိန်းမချင်း တိုးတိုးတိတ်တိတ် ပြောရမဲ့အသုံး။ ဒါ့ကြောင့် ရာသီလာတယ် ဆိုတာကို ဒီနေ့ထိတိုင် စာမျက်နှာထက် အတွေ့ရနည်းနေသေးတာ တွေ့ရတယ်။
လူ့အဖွဲ့အစည်းရဲ့ သင်ကြားပေးမှုအရ ဓမ္မတာလာနေတယ်။ သွေးဆင်းနေတယ်လို့သုံးနှုန်းခြင်းဟာ ယဉ်ကျေးသိမ်မွေ့တယ်လို့ဆိုတယ်။ ပြီးတော့ ရာသီလာနေတယ်ဆိုတာ ယောကျာ်းသားများမသိသင့်တဲ့ ကိစ္စလို့ တင်းတင်းကျပ်ကျပ်သတ်မှတ်တယ်။ အိမ်မှာဆို အစ်ကိုတွေ၊ မောင်တွေနဲ့ အဖေ မသိသင့်တဲ့ကိစ္စ။ ရာသီလာနေတာကို ယောကျာ်းသားတစ်ဦးဦးက သိရှိခြင်းဟာ အင်မတန့်၊ အင်မတန် ရှက်ဖွယ်ကောင်းတဲ့ကိစွ။ လစဉ် အရွယ်ရောက်ပြီးမိန်းမတိုင်း တစ်လတစ်ခါ ဖြစ်မြဲ သဘာဝကိစ္စဟာ ဘာကြောင့် ယောကျာ်းသားတွေသိရင် ရှက်စရာဖြစ်ရတာလဲမပြောတတ်။
ငယ်ငယ်တုန်းက ကိုယ့်အဒေါ်တွေ အစ်မတွေ ထမီအဟောင်းတွေကို လက်ဝါးလောက်ဖြတ်ညှပ်နေတာ မြင်ရတယ်။ တောင်ကြည့်မြောက်ကြည့်နဲ့ မသမာမှုတစ်ခုခုကျူးလွန်နေသလို ခိုးကြောင်ခိုးဝှက်နဲ့ညှပ်နေတာမို့ အဲ့ဒါ ဘာလုပ်တာလဲလို့သွားမေးမိတော့ ‘ဒီကလေး အင်မတန်စပ်စုတယ်။ ကိုယ်နေရာကိုယ်နေတာ မ ဟုတ်ဘူး’လို့ အငေါက်ခံခဲ့ရပြီး ဘာမှမသိရ။ အရွယ်ရောက်လာတော့မှပဲ ဪ၊ လာတဲ့အချိန် မဖိတ်စင်အောင်ခံတဲ့ မြန်မာ့ရိုးရာ ထဘီစမှန်းသိလိုက်ရတယ်။
သက္ကရာဇ် ၂၀၀၀ တစ်ဝိုက်လို့ထင်တယ်။ တီဗီမှာ ကြော်ငြာတစ်ခေတ် အားကောင်းလာပြီး ပစ္စည်းအအမျိုးအစားအစုံအလင် တီဗီဖန်သားပြင်ပေါ် တက်လာချိန် အီဗာဆိုတာကိုလည်း စကြားခဲ့တယ်။ အီဗာကို ကြော်ငြာရတာ နည်းနည်းတော့လက်ဝင်တဲ့ပုံ။ တည့်တည့်ကြီး ကြော်ငြာလိုက်ရင် အဲဒီခေတ် ဆင်ဆာဖြတ် တောက်ခြင်းခံရမှာသေချာသလို ယဉ်ကျေးမှုနဲ့လည်း မလျော်ကန်ဘူးလို့ သတ်မှတ်ကြတာမို့ ကြော်ငြာမင်းသမီးရဲ့ မထိတထိ ဖိတ်ခေါ်နေတဲ့အလှ၊ ပန်းပွင့်၊ လိပ်ပြာ စတဲ့ နိမိတ်ပုံတွေနဲ့ ရိုးတိုးရိပ်တိတ် ပုံဖော်ရ။ ခပ်တုံးတုံး ယောကျာ်းတွေဆို ကြော်ငြာသာပြီး သွားတယ်။ ဘာပစ္စည်းကြော်ငြာသွားမှန်းမသိကြ။ အီဗာဟာ အမျိုးသမီး လစဉ်သုံး ဂွမ်းလိပ်မို့ အဲဒီလို လျှို့ဝှက်ရပုံ ဆန်းလှ။
အဲဒီအီဗာကြော်ငြာလာချိန် မောင်နဲ့နှမ၊ သူငယ်ချင်း ကျားနဲ့မ အတူရှိနေရင် တစ်ယောက်နဲ့တစ်ယောက် ရှက်သလိုလို ဘာလိုလိုနဲ့ အပြန်အလှန် မျက်နှာပူကြပြန်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘာကြောင့် မှန်းပြောရခက်တဲ့ အစဉ်အလာပြဌာန်းမှု။ ရာသီလာတာလည်းရှက်စရာ၊ ရာသီကာတာလည်း ရှက်စရာ။
ရာသီလာတာက ဘယ်လိုတောင် အရှက်ကြီးပြီး တန်ခိုးထွားသလဲဆို အီဗာတို့လို မိန်းကလေး လစဉ်သုံးပစ္စည်း ကြော်ငြာဆို တခြားပစ္စည်းကြော်ငြာသရုပ်ဆောင်ဈေးနှုန်းထက် ပိုကြီးသတဲ့။ ရုပ်ရှင်အသိုင်း အဝိုင်းနဲ့နီးတဲ့ စာပေမိတ်ဆွေတစ်ဦးရဲ့ပြောပြချက်။ ဘာလို့လဲ မေးကြည့်တော့ အီဗာဟာ အီဗာ၊ ရှက်စရာသ ရုပ်ဆောင်ရတဲ့ ကြော်ငြာမို့လို့ဆိုတော့ ခပ်သွက်သွက် ရယ်ခဲ့ရတယ်။
ဘာပဲဖြစ်ဖြစ် အီဗာဟာ အမျိုးသမီးလစဉ်သုံးအဖြစ် လူငယ်တွေကြားကျယ်ပြန့်လာတယ်။ ရာသီလာတယ်ဆိုတာကို ရဲရဲတင်းတင်းမပြောတောင် အီဗာကိုတော့ ခပ်ရဲရဲပြောလာကြတယ်။ ဒါပေမဲ့ အီဗာကို ရဲရဲဝယ်တာမျိုး ဒီနေ့ထိတိုင် ကျယ်ကျယ်ပြန်ပြန့်မတွေ့သေးတာ မိန်းကလေးတို့ရဲ့ လျှို့ဝှက်အပ်တဲ့အရာလို့ ထင်မှတ်နေတုန်းမို့လား။ အီဗာဆိုရင် ခပ်ကုပ်ကုပ်လေးဝယ်ကြ။ လူမမြင်အောင် ဝယ်ထားတဲ့ပစ္စည်းတွေရဲ့ ဟိုး… အောက်ဆုံးထဲ ထိုးထည့်ကြ။
‘ကျမတို့ ရပ်ကွက်တွေထဲက ဆိုင်တွေမှာ အီဗာသွားဝယ်ရင် ကြွပ်ကြွပ်အိတ်အမည်းရောင်နဲ့ထည့်ပေးတယ်။ ကြွပ်ကြွပ်အိတ်အမည်းမရှိရင် စက္ကူနဲ့ လူမမြင်အောင်သေချာလိပ်ပေးတယ်’လို့ ကျနော့်မိတ်ဆွေကဆိုတော့ ရယ်ရပြန်တယ်။ ဘာလို့လဲလို့မေးကြည့်တော့ ‘အီဗာကိုဒီအတိုင်းလူမြင်သူမြင်ကိုင်လာတာ ရှက်စရာကြီးလို့ မြင်နေတုန်းမို့’လို့ သူက ဆက်ပြောပြတယ်။
အီဗာကို ရှက်စရာပစ္စည်း၊ မသတီစရာပစ္စည်းလို့ ကျနော်တို့သဘောထားခဲ့ကြပေမဲ့ နွေဦးတော်လှန်ရေးကာလကို ရောက်တော့ တော်လှန်ရေးအတွက်အရေးပါတဲ့ ပစွည်းတစ်ခုအဖြစ် လူမြင်သူမြင်တွေ့လာရတယ်။ နွေဦးတော်လှန်ရေး စတင်သွေးစွန်းတဲ့ကာလ၊ တစ်နိုင်ငံလုံးက ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းနေတဲ့ကာလမှာ တော်လှန်လူငယ် အမျိုးသမီးငယ်တွေက အီဗာကို အထပ်လိုက်ကိုင်ကာ ဆန္ဒပြပြည်သူတွေကို လိုက်ဝေခဲ့တယ်။
ဘာလို့လဲဆိုတော့ အမျိုးသမီးလစဉ်သုံးဂွမ်းလိပ်ဟာ တခြားဂွမ်းတွေနဲ့မတူ မလိုလားအပ်တဲ့ရောဂါပိုး မွှားတွေမဝင်အောင် သန့်စင်ထားပြီးသားဖြစ်သလို သွေးကို ရာနှုန်းပြည့်စုပ်ယူနိုင်စွမ်းရှိတာကြောင့် ဒဏ်ရာရ ဆန္ဒပြလူငယ်တွေသွေးထွက်မလွန်စေဖို့အတွက် ဖြစ်တယ်လို့ သိခဲ့ရတယ်။ ကျနော်တို့ရဲ့ဂျန်နရေးရှင်းဇက် အမျိုးသမီးငယ်တွေက အီဗာကိုရဲရဲတင်းတင်းကိုင်ကာ သူတို့လိုက်ဝေပေးတဲ့အထဲ လူငယ်အမျိုးသားတွေဒင်း ကြမ်းပြည့်။ ဝေတဲ့သူကလည်း အေးဆေး၊ အဝေခံရတဲ့သူကလည်း မသတီစရာ၊ ယောကျာ်းတို့ မကိုင်အပ်တဲ့အ ရာလို့ မထင်။
နွေဦးတော်လှန်ရေးမှာ ထဘီကိုအလံထူခဲ့ကြတယ်။ ထဘီကို ခေါင်းပေါင်းပေါင်းကာ ရှေ့ဆုံးတန်းကနေ ချီတက်ဆန္ဒပြတဲ့လူငယ်ကို တွေ့ခဲ့ရတယ်။ အမျိုးသမီးတို့ရဲ့ ဂါဝန်နဲ့ စကပ်ကိုဝတ်ကာ ဆန္ဒပြနေတဲ့ အမျိုးသား လူငယ်လေးတွေကို မြင်ခဲ့ရတယ်။
အီဗာတွေ၊ ထဘီတွေ၊ ဂါဝန်တွေနဲ့ သူတို့ဘာလုပ်နေသလဲလို့ သွားမေးရင် သေချာရှင်းပြနိုင်လိမ့်မယ်လို့မထင်။ အဲဒါတွေဟာ သူတို့ သွေးသားထဲ တလိပ်လိပ်တက်လာတဲ့ ရုန်းကန်ထကြွမှုသင်္ကေတ။ နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်စနစ်ကိုသာ တော်လှန်ခြင်းမဟုတ်ဘဲ ကျနော်တို့လူ့အဖွဲ့အစည်းအတွင်း မလိုလားအပ်တဲ့ အစဉ်အလာအစွဲအလမ်း အညှီအဟောက်တွေကိုပါ မြေလှန်မယ်ဆိုတဲ့ အာဏာရှင် + ယဉ်ကျေးမှုတော် လှန်ရေး။ မလိုလားအပ်တဲ့ ရှက်စရာမဟုတ် ရှက်နေတာတွေ၊ မလိုလားအပ်တဲ့ မိန်းမတို့ အိန္ဒြေဆိုတာတွေ၊ မလိုလားအပ်တဲ့ စုံမှိတ်ကိုးကွယ်မှုတွေ၊ မလိုလားအပ်တဲ့ ကျားမ ခွဲခြားဆက်ဆံမှုတွေ၊ မလိုလားအပ်တဲ့ ယဉ်ကျေး သိမ်မွေ့မှုဆိုတာတွေ……စတဲ့ မလိုလားအပ်တာမှန်သမျှ တော်လှန်မယ်မြေလှန်မယ်ဆိုတဲ့ နွေဦးတော်လှန်ရေး။
တစ်ခါက လူစည်လှပါတယ်ဆိုတဲ့ လှည်းတန်းညနေခင်းမှာ စီးတီးမတ်ကနေ အီဗာတစ်ထုပ်ကိုင်ကာ သက်သောင့်သက်သာထွက်လာတဲ့ ချာတိတ်မတစ်ယောက်ကို မြင်တော့ ကျနော်ခိုက်သွားတယ်။
သိပ်မကြာသေး၊ အသက်၈၀ နားနီး ဘိုးတော်တစ်ယောက် ဆရာလေးတွေကို ဆွမ်းဆန်တင်မက တစ်ပါးကို အီဗာတစ်ထုပ်ကျ လောင်းလှူနေတာ လူမှုကွန်ရက်ပေါ် မြင်ရတော့ ဒီဘိုးတော်ကြီး ခေတ်မီလှချည်လားဆိုပြီး မလေးစားဘဲ မနေနိုင်။
မိန်းမဆို ရာသီလာမှာပဲ။ ရာသီလာတယ်ဆိုတာ သဘာဝကိစ္စ၊ အီဗာဆိုတာရှက်စရာတဲ့လား။ နွေဦးတော်လှန်ရေးဆိုတာ အဲဒီလိုကျပ်မပြည့်တဲ့ အစဉ်အလာအစွဲအလမ်းတွေကိုပါ တော်လှန်တယ်။ ကျနော်တို့ တော်လှန်ရမယ်။
ထွန်းလင်း