ကလေး တစ်ယောက်
ဆရာ တစ်ဦး
စာအုပ် တစ်အုပ်
ကလောင် တစ်ချောင်းဟာ
ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်…။
ထိုစကားကို ပြောသူကတော့ ပါကစ္စတန်နိုင်ငံက အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် တိုက်ပွဲဝင် သူရဲကောင်း မိန်းကလေး မာလာလာ ယူစွပ်ဇိုင် (Malala Yousufzai) ဖြစ်ပါသည်။
သူ့ အသက် ၁၆ နှစ်ပြည့် မွေးနေ့က ကမ္ဘာ့ ကုလသမဂ္ဂတွင် အမှတ်တရစကား ပြောရင်း ထည့်သွင်း ပြောကြားသွားခြင်းပဲ ဖြစ်ပါသည်။
မာလာလာ ပြောသွားသည့် ကလေး တစ်ယောက်ဟာလည်း ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ် ဆိုတဲ့ အထဲမှာ မြန်မာနိုင်ငံက ကလေးများ ပါဝင်နိုင်ပါ့မလား ဆိုပြီး ယခုအချိန်မှာ စဉ်းစားမိလိုက်ပါသည်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့ ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် နှင့် စစ်အာဏာ သိမ်းမှုများကြောင့် ကလေးငယ်များ ပညာရေးနှင့် အဆက်ပြတ်သကဲ့သို့ ဖြစ်နေသည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်ပါသည်။
စာသင်ကျောင်းများ၊ ကျောင်းစာအုပ်များကို မီးရှို့ဖျက်ဆီး၊ အနန္တ ဂိုဏ်းဝင် ဆရာ ဆရာမများကို ရက်ရက်စက်စက် သတ်ဖြတ်ကာ ကလေးငယ်များ ပညာသင်ကြားခွင့် မရစေရန် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) အဖွဲ့များက လုပ်ဆောင်နေသည်ဟု အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက လက်ညှိုးထိုး ပြောဆိုနေပြီး ဇွန်လ ၂ ရက်နေ့မှာတော့ နိုင်ငံတဝန်းရှိ အခြေခံပညာ စာသင်ကျောင်းများကို ဇွတ်ဖွင့်လိုက်ပါသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး ရက်ကိုလည်း မေလ ၂၆ ရက်ကနေ ဇွန်လ ၁ ရက်အထိ သတ်မှတ်လိုက်ပြီး အဆိုပါ ကာလအတွင်း ကျောင်းအပ်နှံသူပေါင်း ၅ သန်းကျော် ရှိကြောင်းလည်း ထုတ်ပြန်ထားပါသည်။
နိုင်ငံတကာ အဖွဲ့ကြီး တစ်ဖွဲ့ ဖြစ်သည့် Save the Children အဖွဲ့ကြီးကမူ မြန်မာနိုင်ငံတွင် ၂ နှစ်အတွင်း ကျောင်းမနေရသည့် ကလေးပေါင်း ၂ ဆကျော် တိုးလာကြောင်း မကြာသေးခင်က ထုတ်ပြန် ပြောဆိုပါသည်။
တချို့ဒေသများတွင် ကျောင်းအပ်နှံမှု ၈၀ ရာခိုင်နှုန်းခန့် အထိ ကျဆင်းသွားပြီး အနည်းဆုံး ကလေး ၇ ဒသမ ၈ သန်း ကျောင်းပြင်ပသို့ ရောက်ရှိနေသည်ဟုလည်း ဆိုပါသည်။
လက်ရှိ အခြေအနေမှာ မြန်မာပြည်တွင်းက ကျောင်းသား မိဘများတွင်လည်း စိုးရိမ် သောက စိတ်များ၊ တွေဝေ ဒွိဟ စိတ်များနှင့် သားသမီးများ၏ ပညာရေး အတွက် မည်ကဲ့သို့ စီစဉ်ရမည်ကို မသိဖြစ်နေသော မိဘများစွာ ရှိနေပါသည်။
နေ့စဉ် ထမင်းစားရန်ပင် အနိုင်နိုင် ရုန်းကန်နေရသူများ၊ တစ်အိမ်လုံးပေါင်းမှ လက်ကိုင်ဖုန်း ၁ လုံးသာ ရှိသည့် မိသားစုများ၊ စစ်တပ်က ရွာမီးရှို့သည့် အတွက် အိုးအိမ် ဆုံးရှုံးနေရသူများ၊ တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်နေရသူများက အွန်လိုင်း ကနေ Zoom အက်ပလီကေးရှင်း သုံးပြီး သားသမီး ပညာသင်ကြားရေး အတွက် အခက်အခဲများစွာလည်း ရှိနေကြပါသည်။
သို့သော် ပညာသင်ကြားခြင်း၏ အဓိက ပန်းတိုင်မှာ ပညာတတ်ရေး ဖြစ်သည်ဟု ဆိုချင်ပါသည်။
ပန်းတိုင်ရောက်ရန် မည်သည့်လမ်းက သွားရမည်နည်း ဆိုသည်ကတော့ အခြေခံ အကြောင်းတရားများအပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါသည်။
မာလာလာကမူ ပါကစ္စတန် အနောက်မြောက်ပိုင်းက မြို့ငယ်လေး တစ်မြို့မှာ မွေးဖွားလာခဲ့သူ ဖြစ်ပြီး သူ့ဇာတိမြေမှာ တာလီဘန်များ ကြီးစိုးရာ နယ်မြေ ဖြစ်နေသော်လည်း ကံကောင်းခဲ့သည်ဟု ဆိုရပါမည်။
ထိုဒေသမှာ တာလီဘန်များက အမျိုးသမီးများ ပညာသင်ကြားခွင့်ကို ပိတ်ပင်ထားပါသည်။ အမျိုးသမီးများ ပညာရေး ဆုံးရှုံးနေရသည့် အတွက် သူဟာ အသက် ၁၁ နှစ်မှာကတည်းက အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါသည်။
ထို့ကြောင့်ပင် တာလီဘန်များက မာလာလာကို ပစ်မှတ်ထားပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ကျောင်းကနေ ဘတ်စ်ကားနှင့် အိမ်ကို ပြန်လာစဉ် သူ့ ဦးခေါင်းကို အနီးကပ် ပစ်ခတ် လုပ်ကြံခံခဲ့ရသည့် အတွက် ယူကေနိုင်ငံက သူ့ကို ခေါ်ယူ ဆေးကုသပေးပြီး ပညာပါသင်ကြားစေခဲ့ပါသည်။
ပညာရေး အတွက် အသက်ပါ ရင်းခဲ့ရသည့် မာလာလာကတော့ သူ၏ စိတ်စေတနာကြောင့် ဟုပင် ဆိုရလေမည်လား ကံကောင်း ထောက်မစွာနှင့် ကမ္ဘာကျော် တစ်ယောက် ဖြစ်သွားရုံမက ကောင်းမွန်သော ပညာရေး ဝန်းကျင်မှာ ပညာ သင်ကြားခွင့်လည်း ရရှိခဲ့သည်ကို ဂုဏ်ယူအားကျစွာ အမှတ်ရနေမိပါသည်။
မာလာလာ၏ ဖြစ်စဉ်ထဲတွင် ကောင်းမွန်သော ပညာရေး ဝန်းကျင်၊ ပညာရေး ဝန်းကျင်ကောင်း (Academic Atomosphere) ဆိုသည့် စကားက ခေါင်းထဲ ရောက်ရှိလာပါသည်။
နိုင်ငံတကာ ပညာရေး ကဏ္ဍများတွင် ပညာရေး ဝန်းကျင်ကောင်း (Academic Atomosphere)၊ ပညာရေး လွတ်လပ်ခွင့် (Academic Freedom) နှင့် Critiical thniking ဆင်ခြင်တွေးဆမှု ပါသော ကောင်းမွန်သည့် ပညာရေး စနစ်ကို ဖော်ဆောင်ကြပါသည်။
မြန်မာနိုင်ငံက ပညာရေး ကဏ္ဍတွင်လည်း ထိုသို့သော အချက်များ မည်မျှ ပြည့်စုံစွာ ရှိနေပါပြီလဲ။
၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်း ထိုစဉ်က အာဏာသိမ်း စစ်အစိုးရက စာသင်ကျောင်းများကို ၂ နှစ်ခန့် ပိတ်လိုက်ပါသည်။
ထို့နောက် ပညာသင်နှစ်များတွင် ၆ လ ခန့်သာ စာသင်သော စနစ်ကျင့်သုံးခဲ့ပြီး တက္ကသိုလ်နှင့် ကောလိပ်များကိုလည်း ပုံမှန် ဖွင့်ချိန် ပိတ်ချိန် သတ်မှတ် မထားတော့ပါ။
၁၉၉၆ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်များတွင် ဖြစ်ပွားသည့် ကျောင်းသား ဆန္ဒပြမှုများကို အကြောင်းပြုပြီး တက္ကသိုလ်ကျောင်း များကို နောက်ထပ် ၃ နှစ်ခန့် ပိတ်လိုက်ပြန်သည်။
၁၉၉၉ ခုနှစ်မှာတော့ တက္ကသိုလ်၊ ကောလိပ်များကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းများကို မြို့စွန်ရှိ လယ်ကွင်းပြင် ရိုးပြတ်တော ကဲ့သို့ နေရာမျိုး အပါအဝင် နေရာပေါင်းများစွာသို့ တမင် ခွဲဖြန့်ပြီး ပို့လိုက်ပါသည်။
ရန်ကုန်မှာဆို သတ်ဖြတ်ထားသည့် သားငါးများကို တင်ဆောင်ထားသော ဘတ်စ်ကားကို စီးပြီး သွေးညှီနံ့များကို ရှုရှိုက်ရင်း သွားရသည့် တက္ကသိုလ် ကျောင်းမျိုးပင် ရှိခဲ့ပါသည်။
၁၉၈၈ မတိုင်ခင် မဆလ ခေတ်ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် တပါတီ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ပညာရေး ကဏ္ဍကို ဝင်ရောက် ခြယ်လှယ် ချုပ်ကိုင်ခဲ့သည့် သာဓက တစ်ခုကို သတိရမိပါသည်။
ယခု အသုံးပြုနေသည့် “အခြေခံပညာ (Basic Education)” ဆိုသော အသုံးသည် လွဲမှားနေကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းကြောင့် ဖြစ်ကြောင်း ဝါရင့် ပညာရေး သုတေသီ ပညာရှင်တဦး ဖြစ်သည့် ဆရာကြီး ဦးသန်းဦးက ပြောခဲ့ဖူးပါသည်။
၁၉၆၆ ခုနှစ် တော်လှန်ရေး ကောင်စီခေတ်တွင် ဆရာကြီးက အထွေထွေ ပညာရေး (General Education) ဥပဒေကို တင်ပြရာ ဦးနေဝင်းက ဝန်ကြီး အဖွဲ့အစည်းအဝေး တစ်ခုမှာ အခြေခံပညာရေး (Basic Education) ဥပဒေ ဟု ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
“ဦးနေဝင်းက ရေရေရာရာ မသိဘဲနဲ့ ပြောင်းပြီး ခေါ်ခိုင်းလိုက်တာ၊ နိုင်ငံတကာက ပညာရေးလောကမှာ ပထမတန်းကနေ ၁၂ တန်း အထိကို အထွေထွေပညာရေး (General Education) လို့ ခေါ်တယ်၊ အထွေထွေပညာ ဆိုတဲ့ ရည်ရွယ်ချက်က ကျောင်းသား တစ်ယောက်ကို နိုင်ငံကြီးသား ပြည်သူ ပြည်သားကောင်း တယောက် ဖြစ်ရေး အတွက် နိုင်ငံကြီးသားကောင်း တယောက်ရဲ့ အင်္ဂါရပ်တွေ ပြည့်စုံအောင်၊ ညီညွတ်အောင် ပြုစုပြိုးထောင်ပေးရမှာက အန္တိမ ရည်မှန်းချက်ပဲ၊၊ အဓိကကတော့ ပြည်သူ ပြည်သားကောင်း (Citizenship) ဖြစ်ရေးပဲ”ဟုလည်း ဆရာကြီး ဦးသန်းဦးက အင်တာဗျူး တစ်ခုမှာ ရှင်းပြထားဖူးပါသည်။
ယခုလည်း အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေသည်ဟု ဆိုပါသည်။
“ပညာရေး ကဏ္ဍတွင် နိုင်ငံရေး ရောထွေးမှု မရှိစေရန်” အတွက် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း မကြာသေးခင် ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်သည့် အစည်းအဝေး တစ်ခုမှာ ပြောဆိုသွားပါသည်။
တက္ကသိုလ် ပညာရေးမှာ နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကို သင်ကြားနိုင်သော်လည်း ပညာရေးနှင့် နိုင်ငံရေးရောထွေး၍ မရ၊ နိုင်ငံရေး လုပ်ချင်ပါက နိုင်ငံရေးနယ်ပယ်သို့ သွားလုပ်ရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်ဟု ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေခံပညာရေးတွင် KG + 9 ပညာရေးစနစ်ကို မသင်မနေရအဖြစ် အကောင်အထည် ဖော်နေသည်ဟုလည်း သိရပါသည်။
ပညာရေး ကဏ္ဍသည် လက်နက်နှင့် အင်အားသုံး ဗိုလ်ကျ မတရား အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်များက ဦးဆောင် စီစဉ် ဆုံးဖြတ်ရမည့် ကဏ္ဍ မဟုတ်ပါ။
ပညာရှင်များ ဦးဆောင် စီစဉ် ဆုံးဖြတ်ရမည့် ကဏ္ဍ ဖြစ်ပါသည်။
စစ်ခေါင်းဆောင်များသည် များသောအားဖြင့် စစ်ရေးအမြင်နှင့် လုံခြုံရေး အကြောင်းပြချက် အရ ဆုံးဖြတ် စီစဉ်သူများသာ ဖြစ်ပါသည်။
ယခု အသက် ၅၀ ကျော်၊ ၆၀ ဝန်းကျင်ရှိ မိဘနေရာ ရောက်နေသူများသည် ယခင် မဆလ ခေတ်ကနေ စပြီး အာဏာသိမ်း စစ်အစိုးရများ အဆက်ဆက်၏ ပညာရေး ဆိုးမွေများကို ခံခဲ့ကြရသူများ ဖြစ်ပါသည်။
အာဏာရှင် စစ်ခေါင်းဆောင်များ၏ ၎င်းတို့ အတ္တကို ဗဟိုပြုပြီး ခြယ်လှယ် ချုပ်ကိုင် ကျင့်သုံးခဲ့သည့် ပညာရေး စနစ်များကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ အဆင့်တွင်လည်း များစွာ နောက်ကျ ကျန်ရစ်ခဲ့ရပါသည်။
နိုင်ငံ၏ အဆင့်သည်လည်း ဖွံ့ဖြိုးမှု အနည်းဆုံး LDC (Least developed country) နိုင်ငံအဖြစ် ကြေညာထားရသည့် ဘဝကနေ ယခုအချိန်အထိ မလွတ်မြောက်နိုင်သေးပါ။
ပညာ သင်ကြားရေး၊ ပညာ သင်ကြားမှု စနစ်တွင်လည်း ကျောင်းသား ဗဟိုပြု စနစ် နှင့် ဆရာ ဗဟိုပြု စနစ် ဟူ၍သာ ရှိပါသည်။
အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗဟိုပြု ပညာရေး စနစ်၊ စစ်အာဏာရှင် ဗဟိုပြု ပညာရေး စနစ်မျိုး မရှိပါဟု ပြောဆိုလိုက်ရပါသည်။ ။