(Sandra – ပရော့ဂျက်တာဝန်ခံ)
အာဏာသိမ်းကာလကြာမြင့်လာသည်နှင့်အမျှ ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်စည်ဈေးနှုန်းများ၊ သယ်သူပို့ဆောင်စရိတ်များ မြင့်တက်လာမှုကြောင့် အမျိုးသမီးလစဥ်သုံးပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လာခဲ့သည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော စစ်ဘေးသင့်ရာဒေသများနှင့် စစ်ဖြစ်ပွားရာဒေသများက အမျိုးသမီးများအတွက် လစဥ်ဓမ္မတာလာရာတွင် တစ်ခါသုံးဂွမ်းထုတ်များအသုံးပြုနိုင်ရန် ခက်ခဲလာခဲ့သည်။
ထို့အတူ ပြည်ပအထည်ချုပ်ကုမ္ပဏီများကလည်း နိုင်ငံတွင်းမှ ထွက်ခွာသွားခြင်းကြောင့် စက်ရုံအလုပ်သမများမှာ အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေရှားပါးပြတ်လပ်လာခြင်းကြောင့် စားဝတ်နေရေးခက်ခဲလျက်ရှိနေပြီး အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်ရန် Sisters 2 Sisters အဖွဲ့က ဦးဆောင်၍ စက်ချုပ်သမများ၏ လုပ်အားဖြင့် ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သော လစဥ်သုံးအဝတ် pad များကို ချုပ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။
အဆိုပါ ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သော လစဥ်သုံးအဝတ် Pad များကို စတင်ထုတ်လုပ်ခဲ့ရခြင်း ရည်ရွယ်ချက်နှင့် အမျိုးသမီးများအတွက် မည်သို့အထောက်အကူပြုပုံနှင့် ကျန်းမာရေးဆိုင်ရာ စီမံထားမှုများကို Sisters 2 Sisters အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မစန္ဒာထွန်းကို MPA က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ တစ်ခါသုံးမဟုတ်ဘဲ ပြန်အသုံးပြုလို့ရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ဘယ်အချိန်က စပြီးချုပ်လုပ်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ၂၀၂၃ ခုနှစ်၊ ၄လပိုင်း၊ ၅ လပိုင်းလောက်မှာ တစ်ဦးချင်း အလှူရှင်တွေရဲ့ထည့်ဝင်မှုတွေနဲ့ စတင်ချုပ်လုပ်ဖြစ်ခဲ့ကြတယ်။
မေး။ ။ ဒီလို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ထုတ်လုပ်ပေးရတဲ့ရည်ရွယ်ချက်လေးလဲ သိပါရစေ။
ဖြေ။ ။ မြေပြင်ကညီအစ်မတွေနဲ့ ချိတ်ဆက်လှုပ်ရှားမှုတွေ ပိုပြီးလုပ်ချင်လာတယ်။ အထူးသဖြင့် စက်ချုပ်၊ အထည်ချုပ်တဲ့အမျိုးသမီးတွေကို ပံ့ပိုးကူညီချင်တယ်။ အထည်ချုပ် အလုပ်သမတွေရဲ့ တော်လှန်ရေးမှာပါဝင်မှုကို ဂုဏ်ပြုချင်တယ်။ အဲ့ဒီလိုအမျိုးသမီးတွေရဲ့လက်နဲ့ချုပ်တဲ့၊ အမျိုးသမီးတွေ ဓမ္မတာသွေးဆင်းမှုကို စောင့်ရှောက်တဲ့ အဝတ်ကို ချုပ်တဲ့လုပ်ငန်းမျိုးကိုလုပ်တယ်ဆိုရင် ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်မယ်။ အမျိုးသမီးတွေကိုယ်တိုင်လည်း အမျိုးသမီးဓမ္မတာအရေးကို ပိုပြောဖို့အခွင့်အရေးတွေရလာမယ်။ စက်ချုပ်ညီအစ်မတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေရမယ်။ မြေပြင်က စစ်ဘေးရှောင်အမျိုးသမီးတွေကိုလည်း လစဥ်သုံးအဝတ်တွေထောက်ပံ့နိုင်မယ်။ ဒီလိုကာလမှာ အရေးအကြီးလုပ်ဆောင်ရမယ့် ကိစ္စတွေများတယ်။ အကြောင်းအရာတွေများတဲ့အတွက် အမျိုးသမီးတွေရဲ့ ဓမ္မတာအရေးကိစ္စကိုမေ့လျော့တတ်ကြတယ်။ အဲ့ဒီလိုအပ်ချက်ကို တပိုင်တနိုင်ဖြည့်ဆည်းပေးချင်တဲ့အတွက် ဒီလိုစပြီး လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီလစဉ်သုံးပစ္စည်းအတွက် ဘယ်လိုပိတ်စတွေကိုအသုံးပြုထားလဲ။ ဘယ်လိုချုပ်လုပ်ထားလဲ။
ဖြေ။ ။ အမျိုးသမီးလစဉ်သုံး Pad ကိုချုပ်တဲ့အခါ ချည်သားကိုအသုံးပြုထားပါတယ်။ အသုံးပြုရတာလွယ်ကူအောင် အတွင်းခံဘောင်းဘီထဲမှာထည့်ပြီး အသုံးပြုရတာဖြစ်လို့ (ဂွမ်း pad ပုံစံ) ဒီဇိုင်းပြုပြီးချုပ်လုပ်ထားပါတယ်။ Pad ထဲမှာသုံးတဲ့ liner ကို flannel အသားကို အသုံးပြုထားပါတယ်။ flannel သုံးပြုရခြင်းကတော့ အမျိုးသမီးအင်္ဂါကနူးညံ့တဲ့အတွက် flannel ကဂွမ်းလိုမျိုးနူးညံ့မူရှိတဲ့အတွက်အသုံးပြုရခြင်းဖြစ်ပါတယ်။ Pad ထဲမှာ water resist ထည့်သုံးထားပါတယ်။ water resist သုံးပြုရခြင်းက ယိုစိမ့်မူကိုကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ pad တစ်စုံစာမှာ pad-3 ခု ၊liner ၉ ခု ၊အိတ် ၁ ခု ပါပါတယ်။ အသုံးပြုနည်း လမ်းညွှန်စာရွက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
မေး။ ။ ဘယ်လိုအမျိုးသမီးတွေအတွက် အဓိကရည်ရွယ်ထားလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ အဓိက တောထဲမှာ စစ်ဘေးရှောင်နေရတဲ့ ညီအစ်မတွေ၊ တော်လှန်ရေးညီအစ်မတွေက ရောက်ရှိတဲ့နေရာဒေသတွေမှာ pad ရဖို့အခက်အခဲဖြစ်နိုင်တယ်။ ဝယ်ယူဖို့ အခက်အခဲရော၊ ငွေကြေးအခက်အခဲရောရှိနိုင်တယ်။ အခြားညီအစ်မတွေလည်း လစဥ်သုံးဝယ်ဖို့ ခက်ခဲတာတွေရှိနိုင်တော့ သူတို့တွေအတွက် အဓိကရည်ရွယ်ထားပါတယ်။ လစဥ်သုံး pad တွေကို ဝယ်သုံးဖို့မတတ်နိုင်တဲ့အခါမျိုးမှာ ဒီ ပြန်လျှော်ဖွပ်သုံးလို့ရတဲ့ pad လေးတွေက အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီ အဝတ်pad လေးတွေက သန့်သန့်ရှင်းရှင်း လျှော်ဖွပ်အသုံးပြုမယ်ဆိုရင် အနည်းဆုံးတစ်နှစ်လောက် pad ကိစ္စအတွက် ပူစရာမလိုဘဲ အသုံးပြုနိုင်မှာမို့ အသုံးဝင်မယ်လို့ ယူဆပါတယ်။
မေး။ ။ ပိုးမွှားသန့်စင်မှုအပိုင်းအတွက်ရော ဘယ်လိုတွေ စီမံထုတ်လုပ်ထားလဲ။ ပြန်သုံးတဲ့အခါ ပိုးမွှားကင်းစင်စွာ အသုံးပြုနိုင်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေရှိရင်ပြောပြပေးပါဦး။
ဖြေ။ ။ သေချာမလျှော်ဖွပ်ထားဘူး၊ နေမလှန်းထားဘူးဆိုရင် ရောဂါပိုးတွေဝင်ရောက်နိုင်တယ်။ အဲ့ဒီအတွက်လည်း အထူးသတိပေးတာတွေရှိတယ်။ တစ်ခါသုံး pad တွေမှာလည်း အချိန်နဲ့မလဲလှယ်တာမျိုးတွေဆိုရင်လည်း ရောဂါဖြစ်နိုင်တယ်။ အမျိုးသမီးပစ္စည်းတွေကတော့ ဘယ်ပစ္စည်းမှ ရာခိုင်နှုန်းပြည့် ကျန်းမာရေးအာမခံချက်ပေးနိုင်တာမျိုးမဟုတ်ဘဲ မိမိရဲ့ သုံးစွဲပုံနဲ့ သန့်ရှင်းမှုအပေါ် မူတည်တာမို့လို့ ဒီအဝတ် pad လေးတွေကလည်း သန့်သန့်ရှင်းရှင်းနဲ့ လျှော်ဖွပ်ပြီး နေလှန်းသုံးစွဲမယ်ဆိုရင် အတိုင်းအတာတစ်ခုတော့ အဆင်ပြေပါလိမ့်မယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ။ ။ Sisters 2 Sisters ကို စတင်တည်ထောင်စဥ်က အွန်လိုင်းလှုပ်ရှားမှု အွန်လိုင်းကမ်ပိန်းအနေနဲ့ စတင်ခဲ့တာဖြစ်တယ်။အဖွဲ့အစည်းကို ဒီထက်ပိုပြီး ကြီးမားကျယ်ပြန့်တဲ့အဖွဲ့အစည်းဖြစ်ဖို့ မရည်ရွယ်ဘူး။တော်လှန်ရေးကာလမှာ လက်တွေ့ဖြစ်နေတဲ့ကိစ္စရပ်တွေကို ချက်ချင်းတုံ့ပြန်နိုင်တဲ့ တက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ အဖွဲ့အစည်းအဖြစ်ပဲ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။