ဂျပန်၊ အမေရိကန်၊ အိန္ဒိယနှင့် သြစတြေးလျတို့ ပေါင်းစပ်ထားသည့် မဟာမိတ်အဖွဲ့ Quad သည် ပဏာမခြေလှမ်းအဖြစ် တရုတ်ဆန့်ကျင်ရေး ရေကြောင်း စောင့်ကြည့်အစီစဉ်ကို ပြုလုပ်ခဲ့သည် Aljazeera သတင်းဌာနက ဖော်ပြသည်။
လေ့လာသူများ၏ အဆိုအရ ယင်းလှုပ်ရှားမှုသည် အင်ဒို-ပစိဖိတ်နိုင်ငံများအတွက် ကတိကဝတ်ပြုထားသည်များကို ဖော်ဆောင်ရန် Quad အဖွဲ့က ထင်ထင်ရှားရှား ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စောင့်ကြည့်မှုများတွင် ပစိဖိတ်ကျွန်းစုများ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာရှိ နိုင်ငံများပါဝင်ပြီး တရားမဝင်ငါးဖမ်းခြင်းနှင့် အခြားတရားမဝင် လှုပ်ရှားမှုများကို ၎င်းတို့၏ ရေပိုင်နက်အတွင်း အချိန်နှင့် တပြေးညီ ဖြေရှင်း လုပ်ဆောင်သွားရန် ရည်ရွယ်သည်။
အဓိကအားဖြင့် ၎င်းတို့၏ သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်လှေများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သွားမည် ဖြစ်သလို ကာလရှည် အငြင်းပွားနေသည့်ရေပိုင်နက်အတွင်း မကျေနပ်ချက်များကို ဖြေရှင်းရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
Quad ၏ အသေးစိတ်ခြေလှမ်းများကို လက်ရှိတွင် အသေးစိတ်ဖော်ပြထားခြင်း မရှိသော်လည်း အင်ဒို-ပစိဖိတ်နိုင်ငံများအတွက် ရေကြောင်းထောက်လှမ်းရေးအစီအစဉ်ကို အခမဲ့ထောက်ပံ့ပေးရန်နှင့် ဂြိုလ်တုခြေရာခံခြင်း ဝန်ဆောင်မှုများအတွက် ငွေကြေး ထောက်ပံ့ရန် စီစဉ်နေကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက Financial Times သတင်းစာသို့ ပြောကြားထားသည်။
ရေဒီယိုကြိမ်နှုန်းများနှင့် ရေဒါအချက်ပြအချက်ပြမှုများကို စောင့်ကြည့်ခြင်းဖြင့် အဆိုပါ လုပ်ဆောင်ချက်သည် အလိုအလျောက် သတင်းအချက်အလက်စနစ်များ (AIS) ဟုခေါ်သော ခြေရာခံစနစ်များဖြင့် သင်္ဘောများကို ခြေရာခံရာတွင် ကူညီပေးမည်ဟု Aljazeera သတင်းဌာနက ဖော်ပြသည်။
ယင်းနောက် အိန္ဒိယ၊ စင်ကာပူ၊ ဗာနူအာတူနှင့် ဆော်လမွန်ကျွန်းစုများတွင် အခြေစိုက်သည့် ဒေသတွင်း စောင့်ကြည့်ရေးစင်တာများ၏ ကွန်ရက်တစ်ခုတွင်လည်း အဆိုပါ ထောက်လှမ်းနိုင်သည့်စနစ်ကို မျှဝေပေးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Greg Poling က ရည်မှန်းချက်ကြီးမားသည့် အစီအစဉ်တစ်ခုအဖြစ် အသိပေးခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ကျွန်းစုများ တစ်လျှောက် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အထောက်အကူဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။