ကိုယ်တိုင်လုပ် တာဝေးပစ်ရှော့တိုက်ဒုံးများ အသုံးပြု၍ တိုက်ပွဲ ၅ ကြိမ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF) က ပြောသည်။
တာဝေးပစ်ရှော့တိုက်ဒုံး (HPM-01 (အသေး)) များကို ဒေါင်းလုလင် – LPDF မှ အချိန်နှစ်လခန့်ယူကာ ရှော့တိုက် ဒုံးကျည်ဖူး တစ်ခုလျှင် ငွေကျပ် တစ်သိန်းကျော် ကုန်ကျစရိတ်ဖြင့် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အချိန် ၂ လအကြာ အချိန်ယူခဲ့ရပါတယ်။ အဖူးတစ်ဖူးကို ကုန်ကျစရိတ် တစ်သိန်းကျော်ကုန်ကျပါတယ်။ တိုက်ပွဲ ၅ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီးပါပြီ”ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF) ၏ ပြန်ကြားရေးတာဝန်ခံ ၁ ဗိုလ်ဂျိူးသိမ်းက ရှင်းပြသည်။
ယင်းသို့ ကိုယ်တိုင်လုပ် လက်နက်များကို ထုတ်လုပ်နိုင်ကာ တိုက်ပွဲများဖော်ဆောင်ရာတွင်လည်း ယခင်ကထက် ပိုမို လုပ်ဆောင် နိုင်လာပြီး အောင်မြင်မှုများ ပိုရလာသည်ဟု ဗိုလ်ဂျိုးသိမ်းက ဆက်ပြောသည်။
“ဒီ ရှော့ဒုံးကို ယခုလို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ပြီးတဲ့နောက်ပိုင်းမှာ ယခင်တိုက်ပွဲတွေထက် အများကြီးအားသာလာတယ်။ ရှော့တိုက်ဒုံးစမ်းသပ်စဉ်မှာ လူဆီပြန်လာတာမျိုးတွေရှိခဲ့တယ်။ အခက်အခဲကတော့အများကြီးပဲပေါ့”ဟု ဗိုလ်ဂျိုးသိမ်းက ရှင်းပြသည်။
ရှော့တိုက်ဒုံးထုတ်လုပ်မှုနှင့်ပတ်သက်ပြီး LPDF ၏ လုံခြုံရေးအခြေအနေအရ အရေအတွက် အတိအကျကို ပြောပြနိုင်ခြင်း မရှိကြောင်း နှင့် လက်ရှိတွင် ရှော့တိုက်ဒုံးများ ထုတ်လုပ်နေကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF) က ပြောသည်။
ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF) အနေဖြင့် သေနတ်များ ဝယ်ယူနိုင်ရေးအတွက် ၁၅ ရက်တာ အလှူခံ ကမ်ပိန်းလုပ်ဆောင်နေပြီး ပြည်တွင်းပြည်ပက ပြည်သူများ ပါဝင်လှူဒါန်းပေးကြရန် ယင်းမာပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LPDF) က တောင်းဆိုမေတ္တာရပ်ခံထားသည်။
“ပြည်သူတွေအနေနဲ့ တော်လှန်ရေးကိုအားမလျှော့ဘဲ PDF တွေကို များများထောက်ပို့ပေးကြပါ။ နောက်ပြီး ကျတော်တို့အဖွဲ့က GUN အစစ် ရရှိရေး 15 ရက် challenge လေးမှာလည်း ပြည်တွင်းပြည်ပက ပြည်သူတွေရော PDF supporter အဖွဲ့တွေရော ပါဝင် ပေးကြပါဦးလို့ ပြောချင်ပါတယ်ဗျ”ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF) ၏ ပြန်ကြားရေးတာဝန်ခံ ၁ ဗိုလ်ဂျိုးသိမ်းက တောင်းဆိုခဲ့သည်။