ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူများထံသို့ ထောင်ဝင်စာပါဆယ်တွင် ဆေးဝါးများပို့ရာ၌ မရောက်ရှိဘဲ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ သိမ်းဆည်းထားကြောင်း လစဉ်ထောင်ဝင်စာ ပို့နေသူထံမှ စုံစမ်းသိရှိရသည်။
အကျဉ်းထောင်အတွင်းသို့ နိုင်ငံခြားဆေးဝါးများကို ထောင်ဝင်စာပါဆယ်တွင် ပို့၍ရသည်ဟုဆိုသော်လည်း ပါရာစီတမော့မှလွဲပြီး ကျန်သည့်ဆေးများမှာ မရောက်ရှိကြောင်း ပုသိမ်အကျဉ်းထောင်သို့ လစဉ်ထောင်ဝင်စာပါဆယ် ပို့နေသူတစ်ဦးက ပြောသည်။
“ ထောင်အတွင်းမှာ ကျန်းမာရေးမကောင်းဘူးဆိုလို့ ကျမတို့က ထောင်ဝင်စာပါဆယ်ကနေ ဆေးတွေပို့ပေးတယ်။ ဒါပေမဲ့ သူတို့ကို(နိုင်ငံရေးအကျဉ်းသားများ)ဘာပဲ ပေးလဲဆို ပါရာစီတမော့ပဲ ပေးတယ်။ ကျန်တဲ့ဆေးတွေ ကျမတို့ ပြန်လည်း မရပါဘူး။ ထောင်ဝန်ထမ်းတွေကပဲ သိမ်းသွားတာပါ ” ဟု ၎င်းက ပြောသည်။
လက်ရှိ ပုသိမ်အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုများမရရှိသည့်အပြင် နိုင်ငံခြားဆေးဝါးများကိုပါ ကန့်သတ်ခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဧပြီ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ပုသိမ်အကျဉ်းထောင်ရှိ အသက် (၄၆)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မချိုချိုဝင်းသည် သားအိမ်တွင် အကြိတ်လုံးတည်သည့်ရောဂါဝေဒနာကို ခံစားနေရသော်လည်း ပြင်ပဆေးရုံတွင် ဆေးကုသခွင့်မရဘဲ ထောင်ဆရာဝန်မှ ပေးသည့် အကိုက်အခဲပျောက်ဆေးကိုသာ သောက်နေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” အမျိုးသမီးရောဂါပါ၊ ရောဂါစပြီး ခံစားနေရတာက ၂၀၂၂ခုနှစ် အစပိုင်းလောက်ကတည်းကပဲ၊ အခုဆို တစ်နှစ်ကျော်နေပြီ၊ ပုသိမ်ထောင်ထဲမှာကလည်း အမျိုးသမီးဆောင်မှာ ဆေးပေးခန်းက မရှိဘူး။ အဲဒီတော့ ထောင်ဆရာဝန်လာတဲ့ အချိန်ကိုပဲ စောင့်ရတယ်။ ရောဂါက မသက်သာလို့ နာကျင်ကိုက်ခဲတဲ့အကြောင်း ဆရာဝန်ကို ပြောတော့လည်း အကိုက်အခဲ ပျောက်ဆေးပဲ ပေးသွားတယ်လို့ သိရပါတယ် ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ပုသိမ်အကျဉ်းထောင်ရှိ အမျိုးသမီးဆောင်တွင် ဆေးပေးခန်းမရှိသည့်အတွက် အရေးပေါ်ကျန်းမာရေးအခြေအနေများတွင် ထောင်ဆရာဝန်ကို အချိန်ကြာမြင့်စွာစောင့်ရခြင်း၊ ထောင်တံခါးဖွင့်ပေးရန်အတွက် အဆင့်ဆင့်စာတင်နေရခြင်း စသည့်အခြေအနေများကို နိုင်ငံရေးအကျဉ်းသူများရင်ဆိုင်နေရကြောင်း ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
” အခု ပုသိမ်အကျဉ်းထောင်က အရေးပေါ်အခြေအနေတွေမှာ ထောင်ဆရာဝန်ရောက်လာရင်တောင် ဆေးဝါးမလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကိုက်အခဲပျောက်ဆေးပဲ ပေးသွားတယ်။ အဲ့ဒါက လူသားကို လူသားလို့ မသတ်မှတ်တဲ့ကာလလို့ သဘောထားမှတ်ချက် ပေးလိုပါတယ် ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အမျိုးသမီး ၈၁၀ ဦးအထိ ရှိပြီး နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ ၅၄၁၆ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။