ချင်းပြည်နယ်၊ ဟားခါးမြို့၊ ရုန်းတောင်ဗျူဟာတပ်ကုန်းမှ စစ်ကောင်စီတပ်သား ၃ ဦးသည် ဧပြီ ၁၇ ရက်တွင် CDF(ဟားခါး)ထံသို့ လက်နက်နှင့်အတူအလင်းဝင်လာကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်သား(၃)ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သည့်အတွက် CDF (ဟားခါး)ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း CDF (ဟားခါး)၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
“ သူတို့သိကျွမ်းတဲ့နေရာအထိ ကျွန်တော်တို့သွားကြိုပေးခဲ့တယ်။ ပြီးတော့ လက်နက်ပါလာတဲ့အတွက် တစ်လက်ကို သိန်း(၅၀)လက်ဆောင်ပေးပါတယ်။ အခုက သူတို့ကို လုံခြုံတဲ့နေရာအထိပို့ပေးတယ်။ သူတို့ရွေးချယ်တဲ့ နေရာထိပေါ့နော်” ဟု ၎င်းကရှင်းပြသည်။
အလင်းဝင်လာသည့် တပ်သား ၃ ဦးနှင့်အတူ MA1 သေနတ် ၂ လက်၊ MA2 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၈ လုံးနှင့် ကျည်ဆံအတောင့် ၁၀၀၀ တို့ ပါလာကြောင်းသိရသည်။
CDF(ဟားခါး)အနေဖြင့် ပြည်နယ်အဆင့်ဝန်ကြီးအပါအဝင် စစ်ကောင်စီလက်အောက်ခံဝန်ကြီးများလိုက်ပါလာသော ယာဥ်တန်းကို ဧပြီ ၁၂ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့သဖြင့် ထိခိုက်သူများကို ဟားခါးမြို့ပေါ်ဆေးရုံတွင် ဆေးကုသလျက်ရှိပြီး ထိခိုက်မှုမရှိသည့်ဝန်ကြီးများမှာ ရုန်းတောင်ဗျူဟာကုန်းတွင် ပြောင်းရွှေ့နေထိုင်နေကြောင်းသိရသည်။
ယင်းနောက် ဧပြီ ၁၅ ရက်၊ ညပိုင်းတွင် ရုန်းတောင်စစ်ကောင်စီဗျူဟာတပ်ကုန်းကို CDF (ဟားခါး)နှင့်မဟာမိတ်ပူးပေါင်းတပ်များက ဒရုန်းဖြင့်ဗုံးသီး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
“ ရုန်းတောင်ကို ကျွန်တော်တို့ပထမဆုံးအကြိမ်အနေနဲ့ပေါ့နော်၊ ဒရုန်းနဲ့သွားတိုက်တာပေါ့။ ဗုံးက ၃ လုံးချနိုင်ခဲ့တယ်။ ကျွန်တော်တို့ target (ပစ်မှတ်)ထားတဲ့ဟာတော့ အတိအကျတော့မထိနိုင်ဘူး။ သို့သော်လည်း ဗုံးစတွေထိမှန်ပြီး တစ်ယောက်ကျတယ်ကြားတယ်။ ဒုတပ်ရင်းမှူးထိခိုက်ဒဏ်ရာရတယ်ကြားတယ်” ဟု CDF (ဟားခါး)၏ တာဝန်ရှိသူက ဆိုသည်။
ထိုသို့တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီအနေဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာနှင့်နေအိမ်များပေါ်သို့ ဒရုန်းဖြင့်ဗုံးသီးကြဲချတိုက်ခိုက်မည်ဆိုသည့် သတင်းများပျံ့နှံ့နေခြင်းကြောင့် ဒေသခံများစိုးရိမ်နေရကြောင်း ဟားခါးမြို့နယ်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“ ရုန်းတောင်ကိုကြဲတာမှာ သူတို့(စကစ)အဆောင်တွေဗုံးစထိပြီး မီးလောင်တာတွေရှိတယ်လို့သိရတယ်။ အဲ့ဒါကြောင့် သူတို့ကနေ အခုလိုမီးလောင်ဗုံးတွေသုံးရင် ပြည်သူနေအိမ်တွေကိုပြန်ပြီး မီးလောင်ဗုံးနဲ့တိုက်ခိုက်မယ်လို့ ပြောတာကြားနေရတယ်။ ဒီနေ့အထိတော့ အဲ့ဒီလိုတိုက်ခိုက်တာမရှိသေးဘူး။ စိုးတော့စိုးရိမ်နေရတာပေါ့” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်ထိ CDF (ဟားခါး)ထံသို့ လက်နက်နှင့်အတူအလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံတပ်သား ၃၅ ဦးခန့်ရှိပြီး လက်နက်မဲ့အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံတပ်သားအယောက် ၂၀ ခန့်ရှိနေသည့်အပြင် တိုက်ပွဲအတွင်းဖမ်းဆီးရမိသူများလည်းရှိကြောင်း တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။