စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်ရောင်းရွာမှ မီးဘေးသင့်ပြည်သူများကို ဆီနှင့် အ၀တ်အထည်များ လှူဒါန်းခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ ) ထံကသိရသည်။
ဧပြီ ၁၃ ရက်၊ နံနက် ၁၁ နာရီ ကျော်တွင် အိုင်ရောင်းရွာ၌ မီး စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အိမ် ၁၁၅ အိမ် မီးလောင် ဆုံးရှုံးခဲ့သည်။
“ မီးစလောင်ပြီး နောက်တစ်ရက် မှာလည်း ပထမအကြိမ် အလှူငွေ သိန်း ၂၀ လှူခဲ့ပါတယ်။အခု (ဧပြီ၁၈ရက်) အ၀တ်အထည်နဲ့ သူတို့ တကယ်လိုအပ်နေတဲ့ ဆီ(စားဆီ)တွေကို အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ကျနော်တို့က သွားရောက် ကူညီခဲ့တာပါ” ဟု ပုလဲမြို့နယ် ပအဖ တာ၀န်ခံ ဦးဇော်ထက် ကပြောသည်။
အကြော်ကြော်ရန် တင်ထားသည့် ဆီဒယ်အိုး အပူလွန်ကဲကာ မီး စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး နေအပူပြင်းချိန်နှင့် လေပြင်း တိုက်ခတ်မှု တို့ကြောင့် ရွာလုံးကျွတ်နီးပါး မီးကူးစက် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အချိန်ကလည်း ပူတဲ့ အချိန်နဲ့ လေတိုက်တဲ့ အချိန်နဲ့ တိုက်ပြီး မနိုင်ဘူး။ နောက်ပြီး အသင့် မီးသတ်စရာ ရေပိုက်မျိုးလည်း မရှိတော့ ဘယ်လို မှ မနိုင်တော့ဘူး။ ပြည်သူတွေကတော့ ငွေတို ငွေစနဲ့ ကျွဲ၊နွားကလွဲ ဘာမှ မယူလိုက်နိုင်ကြဘူး” ဟု ၎င်း ကဆက်လက်ပြောသည်။
လက်ရှိ အချိန်၌ မီးဘေးသင့် ပြည်သူများမှာ နီးစပ်ရာ အပင်ရိပ်များနှင့် ကျန်ရှိခဲ့သည့် ဆွေမျိုးများ၏ နေအိမ်များ၌ နေထိုင်လျက်ရှိပြီး မီးဘေးသင့်ပြည်သူများအတွက် တဲအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
“ အခုတော့ သစ်၊ဝါးတွေ မရောက်သေးလို့ ဒီအတိုင်း ထားရတာပေါ့။ မီးလောင် ထားတဲ့ နေအိမ်တွေ ရှင်းလင်းတာတွေ လုပ်နေကြတယ်။ ပြီးရင်တော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း တွေမှာ ဆောက်ပေးမယ် တွေးထားပါတယ်” ဟု အိုင်ရောင်းကျေးရွာ တာ၀န်ခံ ကို နေထွန်းကပြောသည်။
အိုင်ရောင်းရွာတွင် အိမ်ခြေ ၂၀၀ နီးပါး ရှိသည့်အနက် ကျေးရွာ၏ သုံးပုံ နှစ်ပုံခန့် မီးလောင် ဆုံးရှုံးခဲ့ကာ ပြည်သူ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
လက်ရှိ အချိန်၌ နီးစပ်ရာ ကျေးရွာများက အလှည့်ကျ ထမင်းကျွေးမွေးလျက်ရှိပြီး တဲအိမ်များ ဆောက်လုပ် ပြီးချိန်၌ သီးခြား ပြန်လည် ရပ်တည်နိုင်ရန် ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း ပုလဲ ပအဖ ထံက သိရသည်။