ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်အချို့တွင် ဧပြီ ၁၈ ရက်မှစတင်ပြီး စစ်မှုထမ်းစာရင်းတွင် ပါဝင်သည့် လူငယ်များကို ပထမဆုံးအကြိမ် စစ်ကောင်စီကလိုက်လံခေါ်ယူနေကြောင်း ဒေသခံများထံမှသိရသည်။
“ အပတ်စဉ်ကတော့ ဘယ်အပတ်စဉ်အတွက်လဲမပြောတတ်ဘူး။ ဒီမှာတော့ စစ်မှုထမ်းဖို့ခေါ်တာ ဒါပထမဆုံးပဲ။ အခုမှစခေါ်တာ” ဟု အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
ဖြူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ယမန်နေ့၊ နံနက်ပိုင်းမှစတင်၍ မဲပေါက်ထားသည့် လူငယ်များကို လိုက်ခံခေါ်ယူနေကြောင်း အသက် ၄၀ အရွယ်ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ပါသွားတဲ့ လူငယ်တွေလည်း ရှိတယ်။ အများစုကတော့ထွက်ပြေးနေကြတာ၊ အဲဒါလာခေါ်တဲ့ အချိန် လူငယ်တွေအိမ်မှာမတွေ့ရင် အိမ်ကိုဓာတ်ပုံရိုက်သွားတယ်၊ စာလည်းကပ်သွားတယ်၊ ဖမ်းဆီးအရေးယူလို့ရတဲ့အကြောင်းပေါ့” ဟု ၎င်းကရှင်းပြသည်။
သာယာဝတီမြို့နယ်အတွင်း၌လည်း စစ်သင်တန်းတက်ရန် ခေါ်ယူမှုများရှိနေပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုတစ်ခုလျှင် အနည်းဆုံး ၃ ယောက်အထိခေါ်ယူနေကြောင်း သာယာဝတီမြို့နယ်အတွင်းနေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက အတည်ပြုပြောသည်။
“သာယာဝတီကတော့ အရင်ပြည်သူ့စစ်တွေခေါ်တည်းက သင်တန်းတက်ကြတဲ့သူတွေရှိတယ်၊ စစ်မှုထမ်းကတော့အခုမှစခေါ်တာ၊ အခုခေါ်သွားတဲ့သူတွေလည်း ဆေးစစ်ဦးမယ်ပြောတယ်၊ ဆေးမအောင်ရင်ပြန်ပို့မယ်ဆိုပြီး ပြောခေါ်သွားတယ်” ဟု ၎င်းကဆိုသည်။
တောင်ငူမြို့နယ်ရှိ စစ်မှုထမ်းစာရင်းတွင်ပါဝင်သည့် လူငယ်အများအပြားက ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များတွင် ကျန်ရှိသည့် မိဘဆွေမျိုးများအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သွားကြောင်း အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
“ဟိုတစ်ခါ လိုင်းပေါ်မှာ စစ်မှုထမ်းစားရင်းမှာပါတဲ့ သူတွေနာမည်တွေသိရပြီးကတည်းက လူငယ်တော်တော်များများက ရှောင်ကုန်ကြတာ၊ အုပ်ချုပ်ရေးမှူးတွေကလည်းပြောထားတယ် သင်္ကြန်ပြီးရင် စခေါ်တော့မယ်ဆိုတာ၊ အဲဒါ အခုလာခေါ်တဲ့အချိန် လူငယ်တွေမရှိတော့ မိဘတွေကို လက်မှတ်ထိုးခိုင်းတယ်တဲ့၊ ပြန်ခေါ်ပေးဖို့ပေါ့၊ မခေါ်ပေးရင်တော့ အရေးယူမယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု အထက်ပါ အမျိုးသမီးက ၎င်း၏အစ်မခြိမ်းခြောက်ခံရပုံကို ရှင်းပြသည်။
ပဲခူးတိုင်းအတွင်းရှိ စစ်တပ်စိုးမိုးသည့်နယ်မြေများအတွင်း၌သာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အကောင်ထည် ဖော်ဆောင်ရွက်နိုင်သော်လည်း တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ထားရာ နယ်မြေများတွင် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိပေ။