ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၌ တိုက်ပွဲများကြောင့် သုံးလအတွင်း အရပ်သား ၆၁ဦးသေဆုံးပြီး၊ ၇၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများသည် ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်နှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သေဆုံးခဲ့သူများအနက် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အမျိုးသား ၄၃ဦး၊ အမျိုးသမီး ၁၂ဦးနှင့် စစ်တပ်ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သူ ၆ဦးဖြစ်သည်။
“ တိုက်ပွဲကတော့ မနေ့ထိဖြစ်နေတုန်းပဲပေါ့နော်၊ မငြိမ်သေးဘူး။ တချို့ရွာတွေက အခုထိထွက်ပြေးနေရတုန်းပဲ” ဟု ဆီဆိုင်မြို့ခံ၊ အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် ယမန်နေ့(ဧပြီ ၁၈ရက်)က ဆီဆိုင်မြို့နယ်၊ ပုံလောင်းကျေးရွာအနီး ခရီးသွား ပြည်သူ နှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် တစ်ဦးသေဆုံးကာ၊ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
“ သူတို့နှစ်ယောက် ဘယ်သွားတာလဲတော့ သေချာမသိဘူး။ တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ၊ တစ်ယောက်တော့ လွတ်လာတယ်။ ဆုံးသွားတဲ့တစ်ယောက်ရဲ့ အလောင်းတော့ အခုထိမရသေးဘူး” ဟု ပုံလောင်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၄၆၂ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု ၂၈၄၆ကြိမ်ရှိခဲ့ပြီး၊ ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၅၅၂လုံး၊ ဘာသာရေးအဆောက်အအုံ ၂၅လုံး၊ စာသင်ကျောင်း ၁၂ခု၊ လမ်းတံတား ၂ခု၊ ဆေးရုံ-ဆေးခန်း ၄ခုနှင့် စျေးတစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး( PYO) က ထုတ်ပြန်ထားသည်။
“ ပြည်သူကို ပြောချင်တာ ခရီးသွားမယ်ဆိုရင် လမ်းအခြေအနေ စုံစမ်းပြီးမှသွားပါ၊ ဒီအချိန်မှာ အခြေအနေမကောင်း သေးတဲ့အတွက် ဂရုစိုက်စေချင်တယ်။ စစ်တပ်က အခုမှပဲ အပစ်မဲ့ပြည်သူတွေကို ပစ်သတ်နေတာမဟုတ်ဘူး။ အာဏာသိမ်းပြီး ကတည်းက လက်နက်မဲ့ ပြည်သူတွေကို ပစ်သတ်နေတာလေ” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးတိမ်းရှောင်နေရသူ ၇၀၅၀၀ ဦးအထိရှိလာခဲ့ပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။