စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ စစ်ကောင်စီက ပြည်သူများ၏ နေအိမ်ပေါင်း ၈၃၇၄၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmarက ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ စစ်ကောင်စီက ၎င်းတို့ အာဏာသိမ်းခဲ့သည့် ကာလအတွင်း နေအိမ်မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်သည် ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ သော်လည်း၊ ၂၀၂၃ခုနှစ် ဒီဇင်ဘာမှစတင်ကာ ပြန်လည်မြင့်တက်ခဲ့ကြောင်း Data for Myanmar၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြေပြင်စစ်ရေးများ၌ ရှုံးနိမ့်နေသည့်အပြင် တော်လှန်ရေးအင်အားစုများက ဘက်ပေါင်းစုံက ဖိအားပေးခြင်းများ ကြောင့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
“ စစ်တပ်အာဏာသိမ်းပြီးထဲက ကျတော်တို့ ပုလဲမြို့နယ်မှာဆို ကျေးရွာပေါင်း ၅၈ရွာတိတိ မီးရှို့ဖျက်ဆီးခံထားရပြီးပြီ၊ နေအိမ်ပေါင်း ၂၆၀၀ ဝန်းကျင်ပေါ့၊ အဲ့ဒီအထဲမှာ လေကြောင်းကနေ ဗုံးလာကြဲလို့ မီးလောင်တဲ့ရွာ ၄ရွာရှိတယ်” ဟု ၎င်းက ပြောသည်။
Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီက နေအိမ်ပေါင်း ၂၈၁၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၁၈၅၁လုံးဖြင့် အများဆုံးဖြစ်ကာ၊ မန္တလေးတိုင်းတွင် နေအိမ် ၆၂၈လုံး မီးရှို့ခံခဲ့ရပြီး ဒုတိယအများဆုံးဖြစ်သည်။
ပြီးခဲ့သည့် မတ် ၁၂ရက်နှင့် ၁၃ရက်တို့တွင်လည်း စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာ ၊ ဆိတ်ကုန်းကျေးရွာ ၊ ပျိုးကန်ကျေးရွာ ၊ ကန်ဆွယ်ကျေးရွာ နှင့် နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ စုစုပေါင်း ၅၆၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း၊ ပြည်ချစ်သား PDF (မြင်းခြံ) မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
နေအိမ်များ မီးလောင်ဆုံးရှုံးမှုအပေါ် ပုလဲမြို့နယ်ရှိ မီးဘေးသင့်ပြည်သူတစ်ဦးက ” ကိုယ်တစ်အိမ်ထဲဆိုရင်တော့ ဘေးပတ်ဝန်းကျင်က ကူညီကြမှာဘဲလေ၊ အခုက ရွာလုံးကျွတ်တွေ၊ ရွာတွေအများကြီးရှို့ခံလိုက်ရတာဆိုတော့ အားလုံး သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်ပေါ့၊ ကျတော်ဆို အသက် ၈၀ အရွယ် အမေအိုကြီးနဲ့ မနည်းရုန်းကန်ခဲ့ရတာ၊ အခုထိ အိမ်ပြန်မဆောက်နိုင်သေးဘူး ” ဟု ပြောပြသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှပြည်သူများ နေထိုင်ရန်အတွက် နေအိမ်များကို ဆောက်လုပ်လှူဒါန်းပေးနေကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုစိုးမိုးအောင်ကပြောသည်။
” အခုဆိုရင် နေအိမ်ပေါင်း ၁၁၃၀ခန့် ဆောက်လုပ် လှူဒါန်းပေးပြီးသွားပြီ၊ နောက်ထပ်လဲ ဆောက်ပေးနိုင်ဖို့ ကြိုးစားနေတယ်။ မကွေးတိုင်း ပေါက်မြို့နယ်က ကျေးရွာ ၆ရွာ ၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ၊ ရွှေဘိုမြို့နယ် ၊ ရေဦးမြို့နယ် ၊ အရာတော်မြို့နယ်က ရွာပေါင်း ၃၈ ရွာကို ဆောက်ပေးခဲ့တာပါ ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ ၈ရက်ကလည်း စစ်ကိုင်းတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၆၀ထက်မနည်း မီးလောင်ပြာကျခဲ့သေးသည်။