စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဝက်လက်မြို့နယ်မှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဧပြီ ၁၈ ရက်)၊ မွန်းလွဲ ၁ နာရီခွဲခန့်မှတွင် စဥ့်ကူးမြို့နယ်၊ ထုံးကြီးပျူစောထီးကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က စဥ့်ကူးမြို့နယ်အနောက်တောင်ဘက်ရှိ ကျေးရွာများနှင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ နေ့လယ် ကတည်းက ထုံးကြီးရွာကနေ ၁၂၀ မမတွေနဲ့ ပစ်တာ၊ ကြားထဲမှာ ခဏနားပြီး ညနေ ၅ နာရီလောက်မှာ ပြန်ပစ်တာ၊ စဥ့်ကူးမြို့နယ်ထဲက ဘုံသာကုန်းကျေးရွာအလယ်ကို တစ်လုံးကျတာ နွား ၄ ကောင်သေတယ်။ အထက်ဇီးကုန်းက ၆ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး ဒဏ်ရာရတယ်။ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာက အမျိုးသမီး ၁ ဦး သေတယ်။ ည ၁၁ နာရီအထိ ပစ်နေတုန်းပဲ” ဟု ဝက်လက်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စဥ့်ကူးမြို့နယ်၊ ဘုံသာကုန်းကျေးရွာမှ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးစထိမှန်၍ သေဆုံးသွားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးကတော့ ညနေ ၅ နာရီလောက်မှာ လက်နက်ကြီးစထိပြီး နာရီဝက်အကြာမှာ သေသွားတယ်။ အခု ညတွင်းချင်း ရှောင်ရတဲ့ ရွာက ၁၅ရွာကျော်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေမှုကြောင့် စဥ့်ကူးမြို့နယ်အနောက်ခြမ်းရှိ ရေချမ်း၊ ရေတော်နှင့် ဆည်သည်ကျေးရွာ၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်၊ ကူကြီး၊ ရေကမိုး၊ ငါးပတ်ချောင်း၊ ရေလည်မှော်၊ မှော်ဦးကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း သစ်ဆိမ့်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ တိုက်ပွဲမရှိလည်း ပျူစောထီးရွာတွေဘက်ကနေ ပတ်ပတ်လည်ကို ပစ်နေတာ၊ စစ်ကြောင်းထိုးရင် ပိုဆိုးတယ်။ တွေ့တဲံသူကို ပစ်သတ်တာ၊ စဥ့်ကူးနဲ့ ဝက်လက်ကြားမှာက ဧရာဝတီမြစ်ဘဲ ခြားတာလေ” ဟု သစ်ဆိမ့်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စဥ့်ကူးမြို့နယ်၊ ရွာတော်ကျေးရွာမှ ကလေးတစ်ဦးသေဆုံးခဲ့ပြီး၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာမှ ပြည်သူ တစ်ဦး လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရရှိခဲ့သေးသည်။