ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ မြစ်ကြီးနားအကျဉ်းထောင်၌ ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ပြီး စစ်တပ်က အကျဉ်းသားများကို သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အကျဉ်းသား လေးဦး သေဆုံးခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဧပြီ ၁၈ ရက်)၊ ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနားအကျဥ်းထောင်၌ ထောင်ဆူမှုဖြစ်ပွားရာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အကျဉ်းသားသေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့ခြင်းဖြစ်သည်။
ထောင်ဆူရသည့် အကြောင်းအရင်းသည် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ရက်နေ့၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သော်လည်း လွှတ်ပေးခြင်းမရှိသည့်အတွက် ဖြစ်ပွားခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသော်လည်း MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
“ ကနဦးကြားရတာတော့ လွတ်ငြိမ်းထဲပါပြီး တကယ့်လွှတ်ပေးတော့ မပါလို့ ဆူပူမှုဖြစ်တာလို့ကြားတယ်။ ညနေ ၄ နာရီလောက်ကနေ စပြီး သပိတ်မှောက်တဲ့ ကြွေးကြော်သံလိုမျိုးတွေ ကြားရတာပဲ၊ အကျဥ်းသား ၄ ဦးသေတယ်။ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်တာကိုတော့ အတည်ပြုနိုင်တယ်” ဟု အကျဥ်းထောင်နှင့် နီးစပ်သည့် မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ထောင်ဆူပူမှုကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ညနေ ၄ နာရီမှ ည ၈ နာရီခန့်အထိ အကျဥ်းထောင်သို့ အချုပ်ကားနှင့် လူနာတင်ကားများ ရောက်ရှိလာပြီး၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။
“ သေနတ်ပစ်သံကတော့ အချက်ရေ ၇၀ ကျော်လောက်ရှိနိုင်တယ်။ စစ်သားရော၊ ရဲရော၊ အကျဥ်းဦးစီးကရော လက်နက်နဲ့ ပစ်တာ၊ ထောင်ဆူတော့ ပစ်ခတ်တာရော၊ ရိုက်နှက်တာရော လုပ်ကြတယ်လို့ ကြားတယ်။ ဒဏ်ရာရတာက ၁၂ ဦး၊ ဘယ်သူတွေ သေလဲဆိုတာတော့ စစ်တပ်ကပြောမှ သိရမှာပေါ့” ဟု မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။
မြစ်ကြီးနားအကျဥ်းထောင် ဆူပူမှုကြောင့် အကျဥ်းသား ထိခိုက်မှူအခြေအနေများကိုမူ MPA အနေဖြင့် ဆက်လက်စုံစမ်း လျက်ရှိသည်။
“ ကြားရတဲ့သတင်းကတော့ စိတ်မကောင်းစရာပါ၊ နိုင်ကျဥ်းတွေ ဘေးရန်ကင်းဖို့ပဲ ဆုတောင်းနေမိတယ်” ဟု အမည်မဖော်လိုသူ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီတပ်မှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဥ်းသား ၃၃၀၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ မြစ်ကြီးနားအကျဥ်းထောင်မှ အကျဥ်းသား ၄၀ ကျော် ပါဝင်ခဲ့သည်။