တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်ခြင်းခံရသော ရေးမြို့နယ်အခြေစိုက် ခလရ-၂၉၉ တပ်ရင်း တွင် စစ်သားအင်အားနှင့်လက်နက်ကြီး ဖြည့်တင်းထားကြောင်းသိရသည်။
ဧပြီ ၁၂ရက်နေ့က မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့က ခလရ-၂၉၉ တပ်ရင်း ထဲသို့ လက်နက်ကြီးဖြင့် ၁၇ ကြိမ်ပစ်ကာ ဒရုန်းဖြင့် ဗုံးသီး အလုံး၈၀ ကြဲချ တိုက်ခိုက်ခဲ့ပြီးနောက် စစ်အင်အားတိုးမြှင့်ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“ ခလရ -၂၉၉ က ခံစစ်ကို အသေအချာပြင်ဆင်ထားတယ်။မနေ့ကဆိုလို့ရှိရင် ၁၇ရက်နေ့ကဆိုလို့ရှိရင် ခလရ-၂၉၉ထဲကို စကစတွေက စစ်အင်အားတွေဆက်ပြီးဖြည့်တင်းထားတဲ့အနေအထားမျိုးကိုတွေ့ရ တယ်” ဟု ၎င်းက ပြောသည်။
ဧပြီ၁၇ရက်တွင် ခလရ – ၂၉၉ တပ်ရင်းသို့ စကခ ၁၉ မှ စစ်သားအင်အား ၅၀ခန့်နှင့် ဟောင်ဝစ်ဇာအမြောက်တို့ ပို့ဆောင်ပေးခဲ့ပြီး အသေးစိတ်အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း နိုင်နဂါးက ပြောသည်။
ဧပြီလ ၁၂ရက်နေ့က ခလရ – ၂၉၉ တပ်ရင်းတင်မကဘဲ မွန်ပြည်နယ်နှင့် တနင်္သာရီနယ်ခြားမျဉ်းပေါ်ရှိ မလွှဲတောင်ဂိတ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံး၁၅လုံး ကြဲချခဲ့သေးကြောင်း ယင်းတိုက်ခိုက်မှုများတွင် ပါဝင်သော ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း (T1) ထံက သိရသည်။
“ ထိခိုက်သေဆုံးကတော့ ၂၉၉နဲ့ မလွဲတောင် ၂ခုပေါင်းက ဒဏ်ရာရတာ ၃၀လောက်ရှိတယ်။ရေးမြို့ ဆေးရုံကတစ်ဆင့်သိရတယ်။ထိခိုက်သေဆုံးက ၂ပွင့်နဲ့ ဗိုလ်ကြီးတစ်ယောက်ပါတယ် ။ကျန်တဲ့ရဲဘော်၄ယောက်လောက်သေတယ်လို့ သိရတယ်” ဟု ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း(T1)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီလ ၁၂ရက်နေ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းမှ ရဲဘော် ၁ ဦးကျဆုံးကာ ရဲဘော် ၂ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း သိရသည်။
ခလရ – ၂၉၉ နှင့် မလွှဲတောင်ဂိတ်စခန်းတို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂စင်း၊ Mi-35 ၁ စင်းနှင့် Y-12 ၁ စင်း တို့ဖြင့် ဗုံးကြဲ ခဲ့ကာ ကလော့ရွာဘက်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကိုးမိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ထုတ်ပြန်ထားသည်။
လက်ရှိတွင် မလွှဲတောင်ဂိတ်၌ စစ်သားအင်အားတိုးမြှင့်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေကြောင်း ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ ဧပြီလ ၁၂ရက်နေ့ကပဲ နာရီပိုင်းလောက် ကားခဏပိတ်ပြီး ပြန်ဖွင့်သွားတာပဲ။ခံစစ်လုပ်ဖို့ သဲအိတ်တွေ ပို့ပေးလာတာတော့ ပြီးခဲ့တဲ့ ၁၄ရက်က တွေ့တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း – (၁) ၊ Saw Dragon Drone Force – ဒရုန်းအထူးတပ်ဖွဲ့၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်ဒေါနတပ်ခွဲ – (၆)၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း(T1)၊ ရေးသိမ်းငှက်နှင့် ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ – (၃) တို့ပူးပေါင်းကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။