ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Sedona Hotel ၏ Pool Side တွင် ပြုလုပ်သည့် SafeHouse Thingyan ပွဲကို သွားရောက်ပျော်ပါးသော လူငယ်အများအပြား ပွဲလက်ပတ် (WristBand)ကြောင့် Allergic နှင့် Burn Reaction ဆိုးဆိုးရွားရွားဖြစ်နေကြောင်း အဆိုပါပွဲသွားလာခဲ့သူများထံမှ သိရသည်။
“ ဖြစ်တာကတော့ ညီမရော၊ ညီမသူငယ်ချင်းတွေရော အဲ့ဒီပွဲသွားတဲ့သူ တော်တော်များများဖြစ်ကြတယ်။ တာဝန်ယူမှု တာဝန်ခံမှု လုပ်ပေးမလား၊ မလုပ်ပေးမလားကတော့ ညနေဆေးခန်းသွားပြမယ်။ ပြီးရင် ကျသင့်ငွေ သူတို့ကို ပြန်ပြမယ်။ သူတို့ ဘာလုပ်ပေးမလဲပေါ့။ အဲ့ဒါက chemical allergic ဆိုတော့ အမာရွတ်က မပျောက်နိုင်ဘူးဆိုတော့လေ။ တန်ရာတန်ကြေးပေးပြီး သွားထားတာကို သူတို့ error ကြောင့် ဖြစ်တဲ့အတွက် သူတို့ ဘာပြန်လုပ်ပေးမလဲ စောင့်ကြည့်ရမှာပဲ” ဟု ပွဲသွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ပွဲလာသူများအနေဖြင့် ယင်းသို့ ဖြစ်ရခြင်းအပေါ် SafeHouse – Yangon ဘက်မှ အဖြေရှာကာ တာဝန်ယူမှုများ လုပ်ဆောင်ပေးရန် စီစဉ်နေကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။
“ လက်ပတ်ရဲ့ဆေးသားနဲ့ Clorine နာနာခတ်ထားတဲ့ရေနဲ့ထိလို့ ဖြစ်တာလို့တော့ ကနဦး ယူဆရပြီး၊ ဆရာ၀န်ရဲ့ ထင်မြင်ယူဆချက်ကော၊ လက်ပတ် Supplier ကိုပါ ဓာတ်ခွဲခန်း Result တောင်းထားပါတယ်။ တချို့ Customer တွေလက်မှာ တော်တော်ဆိုးတာကို တွေရပြီး များစွာစိတ်မကောင်းဖြစ်ရပါတယ်” ဟု SafeHouse – Yangon က ပြောကြားထားသည်။
အဆိုပါ WristBand ကို ပုံမှန် SafeHouse Bar တွင် အသုံးပြုသည့် Supplier ထံမှ မှာယူခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တစ်ကြိမ်မှ မဖြစ်ခဲ့ကြောင်းနှင့် ရေစိုသော Event များတွင် အသုံးပြုခြင်းကိုမူ ယခုအကြိမ်မှသာ သုံးစွဲခဲ့ခြင်းဖြစ်ကာ Supplier ထံလည်း ဖြေရှင်းချက်တောင်းထားကြောင်း သိရသည်။
“ ဖြစ်တာတော့ လူတိုင်းဖြစ်ကြတယ်။ ထင်တာတော့ လက်ပတ်ကဆေးမှာ ပြဿနာရှိတယ် ထင်တာပဲ။ သူတို့ပြောသလို လက်ပတ်ဆေးနဲ့ ရေက chlorine ဆိုရင်လည်း တခြား Pool party ပွဲတွေ သွားတဲ့လူတွေလည်း ဖြစ်ရမယ်ထင်တာပဲ။ Chatrium တို့ Novotal တို့မှာလည်း ရှိနေကြတာဆိုတော့လေ။ အကိုတို့ကတော့ ကိုယ့်ဟာကိုပဲဆေးလိမ်းပြီး သက်သာအောင်ပဲလုပ်လိုက်တော့တယ်။ ကံကောင်းတာက ခဏလေးပဲနေပြီး ပြန်လိုက်မိတာပဲ။ အကြာကြီးပတ်ထားရင် တော်တော်ဆိုးမှာ တစ်နာရီတောင်မကြာလိုက်တော့ ကံကောင်းသွားတယ်ပြောရမယ်” ဟု ပွဲသွားရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။
SafeHouse Thingyan ပွဲကို လူငယ်အများအပြား သွားရောက်ခဲ့ကြပြီး ဝိုင်းတစ်ဝိုင်းလျှင်ကျပ် ၁၆ သိန်းအထိ ပေးရကြောင်း စုံစမ်းသိရှိရသည်။