ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာဘက်သို့ ရှေ့မှပြည်သူတစ်ဦးအားထွန်စက်မောင်းခိုင်းကာ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် အယောက် ၂၀ ဝန်းကျင်သေဆုံးသွားကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း (၉၀၁) နေပြည်တော်တိုင်းစစ်ဌာနချုပ်က ယနေ့သတင်းထုတ်ပြန်သည်။
အင်အား ၈၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၁၇ ရက်၊ နေ့လည် ၁၂ နာရီဝန်းကျင်က ခြေလျင်စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်နက်ကြီးထိမှန်သဖြင့် တော်လှန်ရေးရဲဘော်နှစ်ဦးကလည်း ကျဆုံးသွားကြောင်း တပ်ရင်း(၉၀၁) နေပြည်တော် တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မိုင်းကြောက်လို့ထင်တယ် ရှေ့ကထွန်စက်ကိုမောင်းခိုင်းလာတယ်၊ ကျွန်တော်တို့ဘက်က စနိုက်ပါတွေနဲ့ရော လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တယ်၊ စနိုက်ပါ မှန်လို့ ၆ ယောက်လောက်သေသွားတယ်၊ နောက် ၁၀ ယောက် ကျော်လောက်ထပ်သေတယ်၊ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်၊ ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) အထိနာပြီး နောက်ကြောင်း ပြန်ဆုတ်သွားတယ်” ၎င်းက ရှင်းပြသည်။
စစ်ကောင်စီစစ်ကြောင်း နောက်ကြောင်းပြန်ဆုတ်သွားချိန် စစ်သား ၂ ဦးပိတ်မိကျန်ခဲ့ပြီး လက်နက်ချအဖမ်းခံရန်ပြောဆိုသော်လည်း ပြန်လည်ခုခံပစ်ခတ်သောကြောင့် ပစ်ခတ်ခဲ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။
“အဲဒီ နှစ်ယောက်ဆီက သေနတ်နှစ်လက်ရတယ်၊ ကျွန်တော်တို့ တပ်ခွဲမှုးတစ်ယောက်နဲ့ စနိုက်ပါ ကိုင်တဲ့ ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်၊ စစ်တပ်က ပစ်တဲ့ ၁၂၀ မမ လက်နက်ကြီးထိပြီး ကျဆုံးသွားတာ” ဟု တပ်ရင်း(၉၀၁) နေပြည်တော် တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူဆိုသည်။
ယခုစစ်ဆင်ရေးတွင်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန ၉၀၁ တပ်ရင်း၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ ၊ တပ်ရင်း ၈၀၄ နှင့် စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ (နေပြည်တော်)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲလာသည့် ထွန်းစက်မောင်းသူအား ပစ်သတ်ခဲ့ကြောင်း တိုက်ပွဲအတွင် ပါဝင်သည့် ရဲဘော်တစ်ဦးက ပြောသည်။
“ရွာထဲ(ခင်တန်းကြီးကျေးရွာ)ကိုလည်း စစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေကျတယ်၊ ပြည်သူတွေ ၊ နေအိမ်တွေလည်း ထိခိုက်တယ်ကြားတယ်၊ သေချာတော့မသိရသေးဘူး။ ရွာထဲ ပြည်သူတွေရှိလို့ ကျွန်တော်တို့ ရဲဘော်တွေ ပြည်သူမထိအောင် ဂရုစိုက်လှုပ်ရှားခဲ့ရတယ်ဗျ၊ ဒီကောင်တွေ(စစ်ကောင်စီ)ရှုံးခါနီးလေ ယုတ်မာလေမို့ပြည်သူတွေ ဘေးကင်းအောင်ဂရုစိုက်နေထိုင်ကြပါ”ဟု ၎င်းသတိပေးသည်။
ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးတွင်ရှိသည့် ခင်တန်းကြီးကျေးရွာတွင်လည်း ပြီးခဲ့သည့်မတ်လ ၁၉ ရက်က စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သားအမိ ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သေးသည်။