ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသဖြင့် မြဝတီမြို့ အဝင်၊ အထွက် လမ်းများကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဒီနေ့ မနက် ၉ နာရီလောက်ကစပြီးပိတ်တာ။ ပိတ်မိနေတဲ့ ကားတွေလဲရှိတယ်။ လမ်းပိတ်ချလိုက်တော့ တချို့ကားတွေ ပိတ်မိနေလို့စောင့်နေကြတယ်။ ကျွန်မတို့ကျတော့ တောင်ခြေမရောက်ခင်မှာ ဖုန်းဆက်လိုက်တော့ သဲပုံဂိတ်ကနေစပြီး မြဝတီအဝင်/ အထွက်ပိတ်ထားလိုက်ပြီတဲ့။ ကားတက်မရတော့ဘူး။ လမ်းပိတ်တယ်ဆိုတာနဲ့ ကျွန်မတို့လဲလှည့်ပြန်လိုက်တာ” ဟု ခရီးသွားအမျိုးသမီးတစ်ဦးက ဆိုသည်။
ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်မှစ၍ ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံးတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲ၊ ပစ်ခတ်ခြင်းများပြုလုပ်နေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။
“ ဘာလို့လမ်းပိတ်တယ်ရယ်တော့ သေချာမသိဘူး။ ကျွန်မတို့က ကားသမားအချင်းချင်းပဲ မေးကြတာလေ။ တောင်ပေါ်မှာ ဆက်နေရင်လဲ ညရေးညတာနဲ့ စားဖို့၊ သောက်ဖို့ ခက်ခဲမှာဆိုတော့ လုံခြုံတဲ့နေရာပဲ ပြန်လာလိုက်တာ။ လမ်းဘယ်ချိန်ပြန်ဖွင့်မလဲတော့ မသိရဘူး။ စုံစမ်းပြီးပဲသွားရတာ။ ကားသမားကတော့ သူတက်လို့ ရရင်ပြောမယ်လို့တော့ ပြောတယ်” ဟု အထက်ပါ ခရီးသွားအမျိုးသမီးက ဆက်လက်ပြောသည်။
မြဝတီမြို့တွင် လက်ရှိ ဖြစ်ပေါ်နေသည့်တိုက်ပွဲအခြေအနေများကြောင့် မြို့အဝင်၊ အထွက်လမ်းများအား ခတ္တထိန်းချုပ်ထားခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မှ မြဝတီ သို့ အိမ်စီးကားပြေးဆွဲနေသော ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“ ကျွန်တော့်ကားလမ်းကြောင်းက ဒီနေ့တော့ မရှိဘူး။ မနက်ဖြန်တော့ တက်ဖို့ရှိတယ်။ လမ်းပြန်ဖွင့်ဖို့၊ မဖွင့်ကိုကတော့ ကျိိန်းသေမပြောတတ်ဘူး။ အခြေအနေစောင့်ကြည့်ရမှာပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြ၀တီကုန်သွယ်ရေးဇုန်အတွင်းရှိ အဆောက်အအုံများ မီးလောင်ကျွမ်းခြင်း၊ စိမ်းလဲ့မြိုင်ကားဝင်း မီးလောင်ခြင်းအပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်းတွင် မီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်နေကြောင်းမြို့ခံများက တညီတညွတ်တည်းပြောသည်။
” ညက တညလုံး ဆူညံနေတာပဲ။ စစ်ကျန်ပန်ကာတစ်လုံးတပ် လေယဉ်တွေပါ သုံးနေတယ်ကြားတယ်။ ၂၇၅ ရတယ်လို့တော့ မကြားသေးဘူး။ အဲ့ဒီကို တိုက်နေကြတုန်းပဲ ရှိသေးတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကရှင်းပြသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်၊ နံနက်ပိုင်းမှစ၍ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မြဝတီမြို့၊ သင်္ကန်းညီနောင်ရှိစစ်ကောင်စီ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီ ခမရ ၃၅၅၊ သင်္ကန်းညီနောင် ရဲစခန်း၊ ခမရ ၃၅၆၊ သင်္ဃန်းညီနောင်စစ်ဗျူဟာအခြေချစခန်းနှင့် ခမရ ၃၅၇ တို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။