ယခုတစ်ပတ်ရွှေဈေးကွက်ပိတ်ချိန်တွင် ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၄ သိန်းကျော်ဖြင့် စံချိန်သစ်ဈေးမြင့်တတ်နေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ယခုကဲ့သို့ ရွှေဈေးနှုန်းများစံချိန်တင်မြင့်တက်လာရခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်းများ ဆက်တိုက်မြင့်တတ်လာခြင်းကြောင့်ဖြစ်သည့်အပြင် ပြင်ပဈေးကွက်ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်းများဆက်တိုက်မြင့်တက်နေခြင်းဖြစ်ကြောင်း ရွှေဘုံသာလမ်းရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ကမ္တာ့ဈေးကလည်း ဆက်တိုက်တက်တာ အခုဆို ဒေါ်လာ ၃၀ လောက်တက်သွားတာ၊ ဈေးကျဖို့က ကမ္ဘာ့ဈေး၊ ဒေါ်လာဈေးကျမှရမယ်၊ ကမ္ဘာ့ဈေးကတော့ ကမ္ဘာ့နိုင်ငံအခြေအနေတွေပေါ့ ဒေါ်လာဈေးက ပြည်တွင်း အခြေအနေပေါ်မူတည်တယ်။ အခုတောင် ၃၈၀၀ ဝန်းကျင်ရှိနေတယ် ပြည်တွင်းကျပ်ငွေတန်ဖိုးမာလာရင် ဒေါ်လာဈေးကကျမယ် ပြောရရင်ငွေကြေးဖောင်းပွမှုပေါ့” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ပြည်တွင်းရွှေဈေးနှုန်းများ ဆက်တိုက်အတက်ကြမ်းနေခြင်းကြောင့် အရောင်းအဝယ်မပြုလုပ်ကြဘဲ စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်အေးနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
အခြား ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်း “အေးတယ်၊ အရောင်းလည်း သိပ်မလာဘူး၊ အဝယ်လည်းသိပ်မရှိဘူး။ တချို့က ထပ်တက်မလားစောင့်တဲ့အနေအထားပေါ့၊ အခုအနေအထားအရဆို အချိန်မရွေးစံချိန်သစ်ဈေးတွေချည်းပဲ ဖြစ်လာနိုင်တော့မယ့်သဘောပဲ”ဟု သုံးသပ်သည်။
ရွှေဈေးနှုန်းများ အတက်အကျကြမ်းနေခြင်းကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ဈေးနှုန်းများ တည်ငြိမ်စေရန်ရည်ညွှန်းသတ်မှတ်ဈေးနှုန်းကို ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ပြင်ပဈေးကွက်နှင့် ၎င်းတို့၏ သတ်မှတ်ထားသည့် ဈေးနှုန်းမှာ ကွာခြားမြဲဖြစ်နေကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
“ရွှေအသင်းက အရောင်အဝယ်မလုပ်ဘူး။ စည်းကမ်းချက်ပဲထုတ်တာ ကြေညာချက်ထုတ်ဖို့ပဲ၊ သူတို့မှာထုတ် ရောင်းစရာ ရွှေလည်းမရှိဘူး။ ထိန်းလို့လည်းရမှာမဟုတ်ဘူး။ ပွဲစားတွေ၊ ကုန်သည်တွေရဲ့ ပါးစပ်ဈေးစကားနဲ့ပဲ ဈေးတွေက အခုပြောင်းလဲနေတဲ့ သဘောဖြစ်နေတာပေါ့” ဟု လမ်းမတော်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုပြောသည်။
ယနေ့ ရွှေဈေးကွက်ပိတ်ချိန်တွင် ၁၅ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၄၁ သိန်းကျော်ရှိနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၄ သိန်းကျော်အထိရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာရှိခဲ့ရာမှ အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း ပြည်တွင်းရွှေဈေးနှုန်းများ ကျပ်သိန်း ၄၀ ကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။