တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို စစ်ကောင်စီလက်အောက်ခံ ရဲများက ထောင်ပြင်ထုတ်ပြီး သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသများကွန်ရက်က ယနေ့( မတ် ၂၈ရက်)တွင် ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟသည် အကျဉ်းထောင်အတွင်း တရားမဝင်ပစ္စည်များယူဆောင်သည်ဟု ရဲတပ်ဖွဲ့က အကြောင်းပြပြီး ထောင်အပြင်သို့ခေါ်ထုတ်ကာ သက်သေခံပစ္စည်းများလိုက်ပြခိုင်းစဉ် ထွက်ပြေးရန်ကြံစည်သည်ဟူ သော အကြောင်းပြချက်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
“ ထားဝယ်ထောင်ထဲမှာ နိုင်ကျဉ်းတွေကို ရှာဖွေရေးတွေ လုပ်ကြတယ်။ အဲဒီမှာ ဆက်သွယ်ရေးဖုန်းတွေကို တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ကျဉ်းတွေကို တိုက်ပိတ်ခဲ့တာတွေရှိတယ်။ မတ်လ ၁၆ရက်နေ့မှာ ကိုဝင်းသီဟနဲ့ တခြားအမည် မသိရတဲ့ တစ်ယောက်ကို ထောင်ပြင်ကနေ ခေါ်ထုတ်သွားတယ်၊ မတ်လ ၂၁ရက်နဲ့ မတ်လ ၂၂ရက်နေ့တွေမှာ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီက ကိုဝင်းသီဟကို သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်သည့် အချက်အလက်များကို သတင်းအမှောင်ချထားသဖြင့် သတင်းအတိအကျသိရှိနိုင်ရန် ခက်ခဲနေပြီး ၎င်းနှင့်အတူ အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားသည်လည်း မည်သူဖြစ်သည်ကို စုံစမ်း၍မရသေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ယင်းအပြင် ကိုဝင်းသီဟ သေဆုံးခဲ့သည်ကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည့်အပြင် မိသားစုထံသို့ အကြောင်းကြားမှု တစ်စုံတစ်ရာပေးပို့ခြင်း မရှိခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ ကိုဝင်းသီဟ သေဆုံးမှုအပေါ် မိသားစုထံ စာပို့အကြောင်းကြားတာတွေ၊ ဖုန်းဆက်အသိပေးတာ တွေလည်း မရှိဘူး၊ အခုထိ ဒီကိစ္စကို ဖုံးကွယ်ထားနေပါတယ်” ဟု ၎င်းကဆိုသည်။
“ လက်ရှိမှာ ကျတော်တို့ နိုင်ငံရေးအကျဉ်းသားတွေက အချိန်မရွေး သတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေဆိုးကြီးနဲ့ ကြုံတွေ့နေရတယ်ဆိုတာ ပြည်သူတွေကို သိစေချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်တွင် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးသည် ဝေါတရားရုံးမှ ရုံးထုတ်ပြီးအပြန် ထွက်ပြေးရန်ကြိုးစားခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်က ၎င်းအား သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးတွင် ပစ်သတ်ခဲ့သေးသည်။