စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
အဆိုပါ ဓမ္မသကျေးရွာကို မတ်လ ၂၇ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ထိုသို့မီးလောင်နေချိန်အတွင်း မီးငြှိမ်းသတ်ရန်လာသည့် မီးသတ်ယာဥ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းတွင်တားဆီးထားခြင်းကြောင့် မီးငြှိမ်းသတ်ရန်ကြန့်ကြာမှုများလည်းရှိခဲ့ကြောင်းသိရသည်။
“ ကျွန်တော်တို့ရောက်တဲ့အချိန်က မီးလောင်ပြီး ၁ နာရီကျော်လောက်နေမှ အဲ့ဒီရွာကိုရောက်ပြီးငြှိမ်းရတယ်။မီးသတ်ကားက သုံးလေးစီးပဲရှိတာ၊ လေယာဥ်နဲ့ပစ်ခဲ့တော့ ကျွန်တော်တို့လဲချက်ချင်းမထွက်ရဲဘူး၊ ဒီဖက် KNU ကိုသွားပြီးပြောပြီး သူတို့လုံခြုံရေးလိုက်ယူပေးမယ်ဆိုမှ ဝင်ပြီးငြိမ်းခဲ့ရတာ၊ မဟုတ်ရင် ကျွန်တော်တို့လဲ မဝင်ရဲဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတင် ရာဂဏန်းလောက်ကလောင်နေပြီ” ဟု မီးလောင်မှုအားကူညီငြှိမ်းသတ်ခဲ့သည့် ဗြဟ္မဝိဟာရလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကဆိုသည်။
အဆိုပါမီးလောင်မှုကြောင့် ဓမ္မသကျေးရွာရှိ နေအိမ် ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည့်အပြင် မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရှိသူများလည်းရှိခဲ့ပြီး လက်ရှိတွင်စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့်ဘေးလွတ်ရာသို့ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်းသိရသည်။
“ ရှောင်နေရတယ်အကိုရယ်၊ မနေ့က ဟိုဖက်(စစ်ကောင်စီတပ်)ကပဲလာပစ်သွားတာ၊ ဒီမနက်တော့တော်လှန်ရေးအဖွဲ့တွေက ဘေးလွှတ်ရာကိုပေးရှောင်ခိုင်းတယ်အပြန်အလှန်ပစ်မယ့်သဘောပဲ၊ တိတ်ဆိတ်ခြောက်ကပ်နေပြီးခွေးတောင်မရှိတော့ဘူး” ဟု ဓမ္မကကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများကြောင့် မီးဘေးသင့်ခဲ့ရသည့် ဒေသခံများအတွက် အရေးပေါ်ထောက်ပံ့ရေးအကူအညီများလိုအပ်ချက်ရှိကြောင်း သိရသည်။