ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ လုံခြုံရေးကို ကာကွယ်ပေးရန် စစ်ကောင်စီထံတောင်းဆိုထားကြောင်းသိရသည်။
မတ်လ ဒုတိယအပတ်အတွင်း ယင်းသို့ တောင်းဆိုထားခြင်းဖြစ် ပြီး နှုတ်ထွက်စာမတင်လိုသည့် အုပ်ချုပ်ရေးမှူးများက စုပေါင်းတောင်းဆိုခြင်းဖြစ်ကြောင်း ခိုင်မာသည့် ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ စမ်းချောင်းမှာ အုပ်ကြီးတွေ နှုတ်ထွက်စာတင်ပြီး ထွက်ပြေးတယ်လို့ သတင်းထွက်ပြီးတဲ့နောက်မှာ တောင်းဆိုထားကြတာပါ။အခု စမ်းချောင်းရဲစခန်းက ရဲတချို့နဲ့ ရဲသတင်းပေးတွေစုပြီး အရပ်ဝတ်နဲ့ ညဘက် ကင်းစောင့်ပေးထားရတယ်။ဘယ်အချိန်ထိ ကင်းစောင့်ပေးရမလဲဆိုတာတော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။
အဓမ္မစစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန်ကြိုးစားနေသည့် အုပ်ချုပ်ရေးမှူးများနှင့် ရဲသတင်းပေး ၂၄ဦး၏ အမည်စာရင်းများကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ကြေညာပြီးနောက် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်စာတင်ခဲ့ကြကြောင်းစမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရသည်။
“ ကျွန်တော်တို့ထုတ်ပြန်ပြီးတဲ့နောက်မှာ စမ်းချောင်းမှာရှိတဲ့ ရပ်ကွက်၇ခုက အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာ တင်ကြတယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ကြားရပါတယ်။ဒါပေမယ့်ကျွန်တော်တို့ တိတိကျကျ အတည်ပြုနိုင်တာကတော့ စမ်းချောင်းတောင်ရပ်ကွက် အုပ်ကြီး ရဲမြင့်ပေါ့နော်။သူ နှုတ်ထွက်စာတင်ခဲ့တယ်။ထို့အတူပဲ ဟုန်းလမ်း အုပ်ကြီး စိုးမြင့်ဆိုရင်လည်း အကြမ်းဖက် စစ်ကောင် စီထံမှာ နှုတ်ထွက်စာတင်ခဲ့တယ်လို့သိရတယ်။ဒါပေမယ့်လည်း စစ်တပ်ဘက်က ဒီ နှုတ်ထွက်စာတွေကို လက်မခံတဲ့အတွက်ကြောင့် ဟုန်းလမ်းအုပ်ကြီးဆိုရင်လည်း စမ်းချောင်းက သူ့ရုံးမှာရှိတဲ့ စာရင်းဇယားတွေနဲ့သော့ကို ဓမ္မာရုံမှာပေးပြီးတော့ စမ်းချောင်းကနေ ထွက်ပြေးသွား တယ် ဆိုတာကိုတော့ ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက ပြောသည်။
စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့် ရုံးစာရေးတို့ကို ၎င်းတို့၏အိမ်အနီးဝန်းကျင်သာ သွားလာရန်နှင့် လိုအပ်ပါက လုံခြုံရေးပေးမည်ဟု စမ်းချောင်းမြို့မရဲစခန်းက ပြောဆိုထားကြောင်း သတင်းထွက်ပေါ်နေသည်ဟု လင်းလွန်းတောင်ရပ်ကွက်သားတစ်ဦးကဆိုသည်။
“ လင်းတောင်က အုပ်ကြီးကို အပြင်သွားရင်သတိထားဖို့နဲ့ လိုအပ်ရင် လုံခြုံရေးတောင်းဖို့ ဖုန်းနံပါတ်တွေပေးထားတယ်။စမ်းချောင်းမြို့နယ်မှူးဖုန်းကို တိုက်ရိုက်ဆက်ခွင့် ပြုတယ်လို့ ပြောတယ်။လတ်တလောတော့ စစ်မှုထမ်းမယ့်သူတွေကို မဲနှိုက်ခိုင်းတာမရှိသေးဘူး။ရပ်ကွက်ရုံးမှာ စမတ်ကတ်လုပ်ဖို့ ပြောတာပဲရှိတယ်။ဒါကလည်း လုပ်ချင်တဲ့သူပဲ သွားလုပ်ကြတာပါ” ဟု ၎င်းက ပြောသည်။
အဓမ္မစစ်မှုထမ်းဥပဒေကို အသက်သွင်းရန် ကြိုးစားနေသည့် စမ်းချောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများကို ရန်ကုန်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များပ အရေးယူ သွားမည်ဖြစ်ကြောင်း ကိုပီတာကပြောသည်။