တောင်တန်းဒေသဖြစ်သည့် ကရင်နီဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် လက်ရှိအချိန်ထိ နေ့စဉ်ရေလိုအပ်မှုများ စွာရှိနေကြောင်း ကရင်နီဒေသရှိ လူမှုကူညီရေး အဖွဲ့အစည်းအချို့ထံမှ သိရသည်။
ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ရေအရင်းအမြစ်များရှားပါးလာမှုကြောင့် ရေရှားပါးမှုကိုကြုံတွေ့နေရသည့်အပြင် အချို့စစ်ဘေးရှောင်စခန်းများမှာ ရေထွက်ပေါက်ရှိရာနေရာနှင့် ဝေးနေခြင်းကြောင့် သွားလာသယ်ယူရန် အခက်အခဲ များရှိကြောင်း Clean Yangon ၏ ဥက္ကဋ္ဌ မသဉ္ဇာအေး က ပြောသည်။
“ရေထွက်နဲ့နီးတဲ့စခန်းက လက်ချိုးရေလို့ရတယ်။ နီးတဲ့စခန်းရှိရင်တောင်မှ အဲ့ဒီနေရာသွားဖို့ သူတို့မှာ သယ်ယူပို့ဆောင်ဖို့ ယာဉ်တွေမရှိဘူး။ အကယ်၍ ထော်လာဂျီတို့ဘာတို့ ရှိခဲ့တယ်ဆိုရင် ဒီရေသယ်ဖို့ စက်ဆီပေါ့ မောင်းဖို့အတွက် ဆီတွေလိုအပ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
အလှူရှင်များက ရေကားများဖြင့်လာရောက်လှူဒါန်းပေးမှသာ ရေရရှိနိုင်ပြီး အချို့မှာလည်း ပိုက်ဆံများချေးငှားကာ ရေကိုဝယ်ယူသုံးနေရကြောင်း သိရသည်။
ကရင်နီပြည်နယ် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် ရိက္ခာစီမံခန့်ခွဲရေးတာဝန်ယူထားသည့် ခွန်းယောဟန် ပြောပြရာတွင် “ ရေကားတစ်စီးဆို ၅ သောင်း၊ ၇ သောင်း၊ ၃ သောင်း အဲ့ဒီလိုမျိုးပေးရတယ်၊ ရေဂါလံပေါ်မူတည်ပြီး ဈေးကအဲ့လိုရှိတယ် ၊ လိုက်ဝေပေးမှ ရေရတယ်၊ တချို့ကလည်း ပိုက်ဆံရှာပြီးမှ ရေဝယ်ကြတယ် ဘယ်လောက်တောင်လဲဆိုရင် ပိုက်ဆံလိုက်ချေးပြီးမှ ရေဝယ်ရတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေတယ်” ဟုဆိုသည်။
လက်ရှိတွင် ရေအလွန်ရှားပါးလာသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ တကိုယ်ရေသန့်ရှင်းမှုအပိုင်များ လည်း အားနည်းလာပြီး ကျန်းမာရေးအတွက် လိုအပ်ချက်များလည်းရှိလာကြောင်း သိရသည်။
“တချို့တွေဆို တစ်ပတ်မှ တစ်ခါပဲ ရေချိုးရတဲ့ စစ်ဘေးရှောင်တွေရှိသလို ရေမချိုးတဲ့ သူတွေလည်းရှိတယ်၊ တကိုယ်ရေ သန့်ရှင်းမှုအပိုင်း အားနည်းလာတယ်။ နောက်တစ်ခုက နွေရာသီဖြစ်တယ်၊ ဖုန်တွေ ရှုနေရတဲ့အခါကျတော့ နှာဆေး၊ ချောင်းဆိုး တုပ်ကွေးတို့ ဝမ်းလျောဝမ်းပျက်တို့ ဖြစ်တဲ့သူတွေလည်း ရှိလာတယ်” ဟု ၎င်းက ထပ်မံရှင်းပြသည်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဖွဲ့အစည်းများရှိသော်လည်း လက်လှမ်းမမီသေးသည့် စစ်ဘေးရှောင်စခန်းများလည်းရှိနေပြီး ဆေးဝါးများဈေးကြီးခြင်း၊ ဆေးမလုံလောက်ခြင်းတို့လည်း ကြုံတွေနေရကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။
“တချို့ ဆေးခန်းတွေဆို စစ်ဘေးရှောင်တွေကြားမှာ ဖွင့်ပြီးတော့မှ ပြည်သူတွေကို အခမဲ့ကုသတဲ့ဆေးခန်းတွေရှိတယ်၊ မိုဘိုင်းကနေဆက်သွယ်ပြီး လိုက်ကုပေးနေတာတွေလည်းရှိတယ်၊ သို့သော် မလုံလောက်ဘူး။ လက်လှမ်းမမီတဲ့ စစ်ဘေးရှောင်စခန်းတွေရှိတယ်၊ တချို့ကလက်လှမ်းမီသော်လည် ဆေးဝါးက အရမ်းဈေးကြီးတယ်၊ တချို့ဆေးခန်းတွေဆို ဆေးမလုံလောက်တာ ဆေးမရှိတာ လိုအပ်နေတဲ့ ဆေးတွေကမရှိတဲ့ အခြေအနေမျိုးတွေရှိနေတယ်” ဟု ကရင်နီဒေသတွင် စစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသူ တစ်ဦးက ပြောသည်။
ကရင်နီဒေသတွင် စစ်ဘေးရှောင်ပြည်သူ သိန်းနှင့်ချီရှိပြီး နွေရာသီဖြစ်သည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် ရေကို အဓိကလိုအပ်နေသကဲ့သို့ စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။