စမ်းချောင်းမြို့နယ်တွင် သြဂုတ် ၂ ရက်နေ့ညက စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသော လူငယ် ၁၅ ဦးအနက် ၁၁ ဦးကို စစ်တပ်က ပြန်လွှတ်ပေးပြီး ၄ ဦးကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။
“အဖမ်းခံရတဲ့သူ စုစုပေါင်းက ၁၅ဦး။ ညကစမ်းချောင်းရဲစခန်း အချုပ်မှာထားတယ်။၁၅ ယောက်ထဲက သံပုံတီးတဲ့သူရယ်၊ ဧည့်စာရင်းမတိုင်တဲ့ သူတွေကို ပြန်လွှတ်ပေးလိုက်တယ်။ ကျန် ၄ ဦးကိုတော့ လက်နက်မှုတွေနဲ့ ပက်သက်တယ်ဆိုပြီး ဆက်ချုပ်ထားတယ်” ဟု ပြန်လွတ်မြောက်လာသူ တဦးက MPA သို့ ပြောသည်။
၎င်းညတွင် စစ်တပ်မှ တိုက်ခန်းများထဲအထိ ဝင်ရောက်ရှာဖွေပြီး အဂ်ပူလမ်းမှ တဦး၊ ဇလွန်လမ်းမှ ၄ ဦး၊သံတံတားလမ်းမှ ၁၀ ဦးဖမ်းဆီးခြင်း ခံခဲ့ရသည်။
စစ်တပ်ကတိုက်များကို တံခါးဖွင့်ခိုင်းခြင်း၊ ဒူးထောက်ပြီး သံပုံးတီးခိုင်းခြင်း၊ အထပ်မြင့်တိုက်များရှိ ခေါင်းလောင်းကြိုးများ ဆွဲခြင်းများပြုလုပ်ပြီး လူအချို့ကို ဖမ်းဆီးခဲ့သည်။
စစ်တပ်အနေဖြင့် လတ်တလောတွင် မြို့ကြီးအတော်များများတွင် ယာဥ်များ၊ နေအိမ်များနှင့်လက်ကိုင်ဖုန်းများကို ပိုက်စိပ်တိုက် စစ်ဆေးခြင်းများပြုလုပ်ပြီး ဖမ်းဆီးမှုများပြုလုပ်သည်။
စစ်တပ်၏ ပိုက်စိပ်တိုက် ဖမ်းဆီးရှာဖွေမှုများကြောင့် လတ်တလောတွင် မြို့ကြီးများရှိ လူငယ်အချို့ကို ဖောက်ခွဲရေး လက်နက်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသည်ဟု ဆိုကာ ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်သည့်အပြင် စစ်ကြောရေးတွင်ပင် ဖမ်းဆီးခံလူငယ်တချို့ သေဆုံးသည်အထိ ဖြစ်နေသည်။