စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်တွင် စစ်ရေးတင်းမာနေသောကြောင့် ကျေးရွာ ၁၄ရွာမှ ပြည်သူ တစ်သောင်းခန့် စစ်ရှောင်နေရကြောင်း စစ်ရှောင်ပြည်သူများနှင့် နယ်မြေခံ ပအဖများထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက် မှစတင်၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ အင်အား ၁၀၀ခန့်ရှိသည့် ကန်ဒေါင့်ရဲစခန်း ကို ဝင်ရောက်တိုက်ခိုက်ကာ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေသောကြောင့် ပြည်သူများ စစ်ရှောင်နေရကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
“ စရှောင်ရတုန်းက ကျေးရွာ ၆ရွာ ၊ နောက်ပိုင်း ကျေးရွာ ၈ရွာထပ်တိုးတယ် ။ ရွာနာမည်တွေကတော့ လက်ရှိစစ်ရေး တင်းမာနေတဲ့အတွက် မပြောတော့ပါဘူ” ဟု ၎င်းကပြောသည်။
တိုက်ပွဲပြင်းထန်နေခြင်းကြောင့် စစ်ရှောင်ပြည်သူများသည် ဘေးလွတ်ရာ ကျေးရွာများရှိ စာသင်ကျောင်း ၊ ဘုန်းကြီး ကျောင်းများတွင် ရှောင်တိမ်းနေကြရပြီး ရာသီဥတုအေးလာသောကြောင့် အခက်အခဲများရှိနေကြောင်း စစ်ရှောင် ပြည်သူတစ်ဦးကပြောသည်။
“ စားရေးသောက်ရေးက ရွာအချင်းချင်းကျွေးကြမွေးကြတာဆိုတော့ ပြေပါတယ်။ နေထိုင်ရေးကြ ရွာတွေအများကြီး ရှောင်လာရတာဆိုတော့ နည်းနည်းခက်တာပေါ့၊ ဒီကြားထဲ ရာသီဥတုကအေးတော့ သက်ကြီးရွယ်အိုတွေ ၊ ကိုယ်ဝန် ဆောင်မိခင်တွေက ပိုဒုက္ခရောက်တယ်။ လေကြောင်းကလဲ ခဏခဏပစ်တော့ ကြောက်လဲကြောက်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များသည် ကန်ဒေါင့်စခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေကြပြီး သုံးရက်မြောက်နေ့ အထိတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့ဗျ၊ ၂၇ရက်နေ့ မနက် ၅နာရီထဲက ကျတော်တို့ ဝင်တိုက်နေတာ၊ အခုချိန်ထိ စခန်းကို လုံးဝ မသိမ်းနိုင်သေးဘူး။ ဒါပေမဲ့ အတော်အသင့်တော့ ထိန်းချုပ်ထားနိုင်ပါပြီ” ဟု ကာကွယ်ရေးရဲဘော်တစ်ဦး ကပြောသည်။
ကန်ဒေါင့်စခန်းတိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ထားပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုရှိမရှိအား MPA အနေဖြင့် အတည်မပြုနိုင်သေးပေ။