ကယား(ကရင်နီ)ပြည်နယ်၊ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ် လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ပျက်ကျသွားကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၁၁ရက်) ညနေ ၄နာရီမိနစ် ၄၀ခန့် က စစ်ကောင်စီတပ်၏ အမျိုးအမည်မသိ လေယာဉ်တစ်စီးပျက်ကျခဲ့ပြီး၎င်း လေယာဉ် မောင်းနှင်သူ နှစ်ဦးမှာ ဖရူဆိုမြို့နယ်တစ်နေရာသို့ လေထီးဖြင့် ခုန်ချကာ ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဖြစ်တာက အမှန်ပါ။ KA ဘက်က ပွိုင့် 5နဲ့ KNDF ဘက်က ပွိုင့် 5 နှစ်ခုပေါင်းဆော်တာပါ။ Ejection seat နဲ့ခုန်ထွက်ပြီး အောက်စီဂျင်ပိုက် တတ်ထားတယ်ဆိုတော့ SU 30၊Yak130နဲ့ MIG-29 တစ်ခုခုထဲကပဲ။ဂျက်လေယာဉ်ဆိုတာတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ ညနေ ၄နာရီခန့်က ကရင်-ရှမ်း- ကယား နယ်စပ်ရှိသံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာအနီးသို့ ဖြတ်သန်းလာသည့် အမျိုးအမည်မသိ လေယာဉ်တစ်စီးကို KNDFနှင့် KA တပ်ဖွဲ့တို့က လေယာဉ်ပစ်လက်နက် ပွိုင့် 5 ဖြင့် ပစ်ခတ်ခဲ့ရာ ထိမှန်ကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း KNDFစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ ဒီနေ့က ၁၁.၁၁စစ်ဆင်ရေးစတာပေါ့။ပွိုင့် 5 တွေကိုလည်း အခုစစ်ဆင်ရေးမှ ပေါ်တင်သုံးလာတာပေါ့။လေယာဉ်ဘယ်နားကျသွားသလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ။ယာဒိုဘက်ကျရင်တော့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ်ဇွန် ၇ရက်နေ့က ကယား(ကရင်နီ)ပြည်နယ်တွင် လေယာဉ် ပစ် ပွိုင့် 5 နှစ်လက်ရရှိထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး ယနေ့မှ အသုံးပြုခြင်းဖြစ်သည်ဟု KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဒိုကျေးရွာအနီး ဖြတ်သန်းလာသည့် စစ်တပ် လေယာဉ်တစ်စီး ပျက်ကျခဲ့သည်မှာ ဟုတ်မှန်ကြောင်း စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းက ဝန်ခံထားပြီး ပျံသန်းလေ့ကျင့်နေစဉ် စက်ချို့ယွင်း၍ ပျက်ကျခြင်းဖြစ်ကြောင်း တပ်တွင်းဝါဒဖြန့်ဝေထားသည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။