မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး ယနေ့နံနက်၌ စစ်ကား၃စီး မိုင်းဆွဲခံလိုက်ရကြောင်း သိရသည်။
မိုးကုတ်မြို့အနောက်ပိုင်းအဝင် ဂွေ့ကြီးအနီးတွင်ယနေ့(စက်တင်ဘာ ၁၈ရက်)နံနက် ၆နာရီခန့်က စစ်ကား ၃စီး မိုင်းဆွဲခံခဲ့ရခြင်းဖြစ်ပြီး ကားများထိမှန်ပျက်စီးကာ စစ်သားများလည်း ထိခိုက်မှုရှိ ကြောင်း ဒေသခံအချို့ထံက သိရသည်။
” အရင်ဆုံးပေါက်ကွဲသံဆက်တိုက်ကြားတာ၊ဗုံးလိုမဟုတ်ဘူး၊ပြီးမှ သေနတ်ပစ်သံတွေဆက်တိုက်ပဲ။ နာရီဝက်လောက်ကြာမယ်” ဟု မိုးကုတ်မြို့အနောက်ပိုင်းနေပြည်သူတစ်ဦးကပြောသည်။
စစ်ကားများ မိုင်းဆွဲ ခံရပြီးနောက် မိုးကုတ်မြို့နယ်၊ကျောက်ဖြူကျေးရွာတွင် စစ်သားနှင့် PDF တို့ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
မိုးကုတ်မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်းကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် စက်တင်ဘာ ၁၇ရက်၊ မွန်းလွဲ၃နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ အချို့ကပြောသည်။
” ဖြူရောင်နဲ့ကုန်းစံကြားကိုကျတယ်။အရှေ့ပိုင်းကိုက နှစ်စီးနဲ့ ၃ကြိမ်ဆိုတော့ ၆လုံးချတယ်၊အနောက်ပိုင်းဒေါ်နန်းကြည်တောင်အနောက်ကို နှစ်စီးနဲ့နှစ်ကြိမ်ဆိုတော့ ၄လုံးချတယ်၊လူအထိအခိုက်တော့မကြားသေးဘူး’ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့နယ်တွင် TNLA နှင့်ပူးပေါင်းတပ်ဖြစ်သည့် မိုးကုတ်အခြေပြုတပ်ရင်းများက မိုးလုံးမှိုင်း စစ်ဆင်ရေးအဖြစ် စက်တင်ဘာ ၁၀ရက်နေ့မှစတင်ကာ ယနေ့အထိ မြေပြင်တိုက်ပွဲ ဆက်တိုက် ဆင်နွှဲလျက်ရှိရာ စစ်ကောင်စီတပ်က အထိနာနေသဖြင့် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း မိုးလုံးမှိုင်းစစ်ဆင်ရေး၏တာဝန်ရှိသူ တစ်ဦးကပြောသည်။
” သတင်းတွေတော့ မထုတ်ပြန်သေးဘူး။ ဆက်လက်လုပ်ဆောင်စရာတွေ ရှိသေးလို့ပါ” ဟု ၎င်းကပြောသည်။
မိုးကုတ်မြို့နယ်၊ ကုန်းစံရွာမှ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် နှင့် စက်တင်ဘာ၁၇ရက်၊နံနက်ပိုင်း ၌ တစ်ကြိမ်နှင့်ညနေပိုင်းတွင် TNLA က ပြန်လည်ထိုးစစ်ဆင်သဖြင့် နောက်တစ်ကြိမ် တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း တအောင်းတပ်မတော်TNLA က ယနေ့သတင်းထုတ်ပြန်သည်။
ထို့အပြင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် TNLAတပ်တို့ စက်တင်ဘာ၁၇ရက်၊ နေ့လည် ၁၁နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ကြိမ်လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးဖြင့်လည်း ၁၁ကြိမ်ပစ်ခတ်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။