မကွေးတိုင်း၊ ဆောခရိုင်၊ ကျောက်ထုမြို့နယ်၊ နှော်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေစဥ် စကားပြောရယ်မောသည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို တိုက်နယ်ပကဖ ဒုတာဝန်ခံက ခေါ်ယူရိုက်နှက်သည့်ကိစ္စ အရေးယူဆောင်ရွက်မှု မပြုသေးကြောင်း စုံစမ်းသိရှိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့က နှော်ကျေးရွာတွင် ကျေးရွာအစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးအတွင်း ကျေးရွာလူကြီးများအား မလေးမစား စကားပြောဆိုရယ်မောသည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို တိုက်နယ်ပကဖဒုတာဝန်ခံက ဇူလိုင်လ ၂၁ ရက်နေ့တွင် ခေါ်ယူစစ်ဆေးရိုက်နှက်ခဲ့ရာ ကိုယ်ဝန်သည်အမျိုးသမီး ကိုယ်ဝန်ပျက်ကျ၍ အမျိုးသမီး ၂ ဦးစလုံး အိပ်ရာထဲ လဲခဲ့ရခြင်းဖြစ်သည်။
“ရိုက်တာကတော့မှန်တယ်။ ကျတော်တို့ အစည်းအဝေးလုပ်တယ်ဗျ။ အဲ့ဒီမှာ သူတို့က နောက်ကနေပြီးခါမှ ကန့်လန့်တွေဘာညာတွေ ပြောကြတယ်ဗျ။ ပုတ်ခတ်စကားတွေ ပြောတယ်။ အစကတော့ ကျတော်တို့ ခွင့်လွှတ်ပါတယ်။ ကျတော်က ဘာမှမပြောပါဘူးဗျ။ အဲ့ဒါမှာ ဘေးကရွာသားတွေက မခံချင်တာနဲ့ သူတို့ (အမျိုးသမီး၂ဦး) ခံကြရတာဗျ”ဟု နှော်ကျေးရွာ အုပ်ချုပ်ရေးမှူးက MPA သို့ ပြောသည်။
ယင်းရိုက်နှက်မှုကို တိုက်နယ်ပကဖဒုတာဝန်ခံကသာ ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ရိုက်နှက်ခဲ့ခြင်းမရှိသည့်အတွက် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယင်းအမှုအား မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ လွှဲအပ်လိုက်သည်ဟု ဆိုသည်။
“ဖြစ်စဥ်က ကာကွယ်ရေးဘက်က တာဝန်ရှိတဲ့လူတွေက ဒီလို အပြစ်ပေးတဲ့ ကိစ္စဖြစ်တယ်။ သူတို့ကာကွယ်ရေး (ပကဖ) ပေါ့နော်၊ သူတို့ဆီကို အရေးယူဖို့ လွှဲစာပို့ထားတယ်။ သူတို့ဘက်က ဆက်ပြီး တာဝန်ယူပြီးတော့ လုပ်ဆောင်နေတယ်လို့သိရပါတယ်ဗျ”ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဒေါက်တာကြည်စိုးထွန်းက MPA သို့ ပြောသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထဲတွင် အဖွဲ့ဝင် (link) တစ်ခုအဖြစ်သာရှိပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ၌ ကာကွယ်ရေးအဖွဲ့အနေဖြင့် ၎င်းတို့ (ပအဖ) အား ကျော်လွန်လုပ်ဆောင်၍ မရကြောင်းနှင့် အကယ်၍ ကျော်လွန်လုပ်ဆောင်ပါကလည်း လုပ်ဆောင်သူတွင်သာ တာဝန်ရှိသည်ဟု ဒေါက်တာကြည်စိုးထွန်းက ဆိုသည်။
“အရေးယူဆောင်ရွက်မှုက တရားခံတွေတောင် မခေါ်နိုင်သေးဘူး။ ပေါက်က လာတဲ့စစ်ကြောင်းရှိလို့ ခေါ်စစ်ဆေးဖို့ လုံးဝမလွယ်သေးဘူး ဖြစ်နေတာ။ ကျတော်တို့မှာလည်း အတော်ဂွကျနေတယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးရဲ့ ပုံရိပ်ကိုကျတာထက် တော်လှန်ရေးအောင်မြင်အောင်လည်းလုပ်ရမှာ။ ဒါတွေမလုပ်ရင်လည်း လုံးဝထိ ကျတော်တို့ထိန်းလို့မနိုင်ဘဲ ဖြစ်သွားတယ်။ တော်လှန်ရေး ရဲဘော်များအားလုံးကလည်း ဒီလိုသတင်းတွေရောက်လာတော့ အတော်လေးစိတ်ဓာတ်ကျသွားကြတယ်။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိ။ မရှင်းလို့လည်းမရ။ ဒါတွေက ကြီးလေးတဲ့အပြစ်တွေ မဟုတ်ရင်လည်း ကြိမ်ဒဏ်နဲ့ရိုက်တဲ့ အပြစ်တွေဖြစ်နေတော့ ကျတော်တို့မှာ ကိုင်တွယ်ရတာ ခက်နေတယ်”ဟု ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက MPA သို့ ပြောသည်။
လက်ရှိတွင် ယင်းပြစ်မှုအားကျူးလွန်ခဲ့သည့် တိုက်နယ်ဒုပကဖ တာဝန်ခံသည် နှော်ကျေးရွာရှိ ပြည်သူများထံမှ ၎င်းအားထောက်ခံကြောင်း လက်မှတ်များအား ကောက်ယူလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။