ကရင်နယ်မြေအတွင်း လိင်တူချင်းလက်ထပ်မှုသည် ကရင်ယဉ်ကျေးမှုအား ထိခိုက်စေကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပဒိုနော်ဒါးဒါးမှ ယမန်နေ့က ပြုလုပ်သည့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ဇူလိုင်လတုန်းကတော့ လိင်တူချင်း လက်ထပ်တယ်ဆိုတာကို ကျမတို့ ကြားသိရတယ်။ ဒါပေမယ့်လို လက်ထပ်တဲ့သူတွေကိုယ်တိုင်က ကရင်လူမျိုး မဟုတ်ဘူးပေါ့နော်။ တခြားလူမျိုးကွဲတွေ ဖြစ်တယ်။ အဲ့ဒီလူမျိုးကွဲတွေ ဖြစ်တဲ့အတိုင်းပဲ ကျမတို့ရဲ့ တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ်ထဲမှာ ဒီလိုလုပ်တယ်ဆိုတာက ကရင်ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေတယ်။ ကျမတို့အနေနဲ့လည်း လက်ခံလို့မရဘူး။ ကျမတို့ ယဉ်ကျေးမှုကို စော်ကားတယ်လို့ ထင်မိတယ်”ဟု KNU ၏ စည်းမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပဒိုနော်ဒါးဒါးက ပြောသည်။
ယင်းအပြင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၃၈ အရ ဓမ္မတာနှင့် ဆန့်ကျင်သည့် ဥပဒေအား ကျူးလွန်ကြောင်း၊ ကျူးလွန်မှုမြောက်ပါက ပြစ်ဒဏ်သည် ထောင် ၅ နှစ်အထိ ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
“LGBT အခွင့်အရေးဆိုတာက လူ့အခွင့်အရေးရဲ့ ကျယ်ပြန့်တဲ့ အမျိုးအစားအောက်မှာ ရှိပါတယ်။ KNU နယ်မြေဟာ အစိုးရအဆက်ဆက်နဲ့ နှစ် ၇၀ ကျော်ကြာ ရင်ဆိုင်တိုက်ပွဲဝင်နေရတယ်။ အုပ်ချုပ်ရေးတွေ ချထားရတယ်ဆိုပေမယ့်လည်း ကျတော်တို့ရဲ့ နေထိုင်မှုနဲ့ မိရိုးဖလာကျင့်ထုံးတွေက အားလုံးကို သုံးသပ်ပြီးတော့ အထူးသဖြင့် LGBT အခွင့်အရေးမျိုးကို ကျတော်တို့ ပြည်သူတွေကို ပညာပေးနိုင်တဲ့ဟာ မရှိသေးသလို ကျွန်တော်တို့ လူအဖွဲ့အစည်းတွေကလည်း လက်ခံနိုင်တဲ့ အနေအထားမရှိသေးပါဘူး”ဟု ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။
မတူညီသည့် လူ့အခွင့်အရေးကျင့်သုံးမှုသည် ပြည်သူလူထုနှင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိရန် လိုအပ်ပြီး တစ်ဦးချင်း ရပိုင်ခွင့်အသုံးချမှုအား KNU အနေဖြင့် လေးစားသော်လည်း မိမိ၏တစ်ဦးချင်းရပိုင်ခွင့် အသုံးချမှုများကြောင့် မိမိ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းမတူညီသော လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်မဖြစ်ရန်လည်း လိုအပ်ကြောင်း ဆိုသည်။
ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ကိုပိုင်ရဲသူ၏ facebook အကောင့်တွင် အမျိုးသား ၂ ဦးကို ၎င်းတို့၏ သဘောဆန္ဒအရ လက်ထပ်ပေးခဲ့ကြောင်း ဇူလိုင်လအတွင်းက တင်ထားခဲ့ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်းရေးမှူး စောမိုးအဲ့ဒို၏ လက်မှတ်ဖြင့် ဇူလိုင်လ ၂၁ ရက်က တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ရုံးသို့ အသိပေးစာ ပေးပို့ထားကြောင်းသိရသည်။