လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့ ရေလွှမ်းခဲ့ကာ လက်ရှိတွင်လည်း အချို့သောမြေနိမ့်ပိုင်းဒေသများတွင် ရေများ မလျော့သေးကြောင်း ဒေသခံများနှင့် ဒေသတွင်း ကူညီပေးနေသူများထံမှ သိရသည်။
“ညီမတို့ရွာမှာတော့ ဒီနေ့ ရေကျသွားပါပြီ။ မိုးကလည်း ရွာနေသေးတာဆိုတော့ မြေနိမ့်တဲ့ ကျေးရွာတစ်ချို့တွေကတော့ ရေနည်းနည်းတော့ ကျန်သေးတာပေါ့။ အမြင့်ပိုင်းတွေကတော့ ရေခမ်းသွားပါပြီ။ ရေလွှမ်းတာတော့ တစ်မြို့လုံး လွှမ်းသွားတာပါ။ ပြောင်းရရွှေ့ရတာလောက်ထိတော့ မဖြစ်ပေမယ့် အိမ်အောက်တွေထိတော့ ရေတွေ ရောက်ခဲ့တာပါ”ဟု မင်းပြားမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် မိုးဆက်တိုက်ရွာသွန်းကာ မြစ်ရေမြင့်တက်ခြင်းနှင့် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်နေစဉ်အတွင်း ဩဂုတ်လ ၆ ရက်နေ့တွင် မင်းပြားမြို့နယ်ဒေသခံ သားအမိနှစ်ဦး ရေစီးနှင့် မျောပါကာ သေဆုံးသွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ရေတွေက ၄ ရက်နေ့လောက်က တရိပ်ရိပ် တက်လာတာ။ မိုးကလည်း အဆက်မပြတ်တော့ ၇ ရက်နေ့လောက်မှာ ရေတွေ တအားတက်လာတယ်။ ၈ ရက်နေ့လောက်ကျတော့ ရေတွေက အိမ်အောက်ထိ ရောက်လာပေမယ့် ပြောင်းတာရွှေ့တာတွေတော့ မလုပ်လိုက်ရဘူး။ တစ်မြို့လုံးလည်း ရေပြင်ကြီးဖြစ်နေခဲ့တာ။ အခုတော့ ရေကလည်း ပြန်ကျသွားပြီဆိုတော့ လုပ်စရာရှိတာ လုပ်ရမှာပေါ့”ဟု မြောက်ဦး မင်းဖူးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိချိန်တွင် လေးမြို့မြစ်တစ်လျှောက်ရှိ မင်းပြားမြို့နယ်မှ ရွှေကျင်၊ မင်းဖူး၊ ကုလားမတောင်၊ ပုလဲတောင်၊ သာစည်၊ ပြင်ယောင်း စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ရေကြီးရေလျှံမှုဒဏ် ခံစားနေကြရသည်။
“မင်းပြားက တစ်မြို့လုံး ရေမြုပ်သွားပေမယ့် အရေးပေါ်ပြောင်းရွှေ့ပေးရတာမျိုးတွေ မရှိခဲ့ဘူး။ နောက်ပြီး ကျောင်းတွေထဲလည်း ရေတွေ ဝင်ရောက်တာတွေရှိတယ်။ ရေက အမြင့်ပိုင်းဆို ၄ ပေခွဲလောက်ထိ တက်ခဲ့တယ်။ အနိမ့်ပိုင်းကတော့ ၆ ပေလောက်ထိ တက်ခဲ့တာပေါ့။ လတ်တလောကတော့ လမ်းတွေ ရေကျော်ထားတာဖြစ်တဲ့အတွက် သွားလာရေး အခက်အခဲတော့ရှိနေတယ်။ မြေနိမ့်ပိုင်းတွေကတော့ အခုထိ ရေမကျသေးဘူး။ အမြင့်ပိုင်းတွေကတော့ မနေ့တည်းက ပြန်ကျသွားတယ်”ဟု ဒေသတွင်း ကူညီပေးနေသူတစ်ဦးက ပြောသည်။
ယင်းအပြင် မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များအတွင်းသို့ မြွေနှင့် ကင်းကဲ့သို့ အဆိပ်ရှိသတ္တဝါများ ဝင်ရောက်လာခြင်းမျိုး ရှိသော်လည်း ယင်းသတ္တဝါများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းလည်း သိရသည်။