စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊သုံးဆင့်ကန်ရွာကစစ်ရှောင် ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ မိုးကာ အရေးပေါ်လိုအပ်နေကြောင်း ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ထံကသိရသည်။
ဝက်လက်မြို့နယ် ၊သုံးဆင့်ကန်ရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၃ရက်နေ့တွင် မီးရှို့ခဲ့ခြင်းကြောင့် ဒေသခံ ၅၀၀ ကျော် ရွာထဲ ပြန်မဝင်နိုင်သေးဘဲ တောထဲ၌စစ်ရှောင်နေရကြောင်း ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့မှကိုဖေဖော်ဝါရီဝမ်းကပြောသည်။
” ရွာထဲမှာ ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးလို့မပြန်နိုင်ကြသေးပါဘူး။ တောထဲမှာပဲပါလာတာစားပြီး နေနေရတာပါ၊စားနပ်ရိက္ခာနဲ့မိုးကာကတော့ အဓိကလိုအပ်နေတာပါ ” ဟု ၎င်းကပြောသည်။
သုံးဆင့်ကန်ရွာကို စစ်တပ်က မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၁၃၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ်နီးပါးဖြစ်ကြောင်း သိရသည်။
စစ်ကြောင်းရှောင်ရွာသားများသည် တောထဲတွင် ပါလာသည့် မိုးကာများကို လှည်းပေါ်မိုးကာ နေထိုင်နေရကြောင်းသိရသည်။