အသက်လျော်ကြေးစစ်ဆင်ရေး၏ သတ္တမမြောက် မစ်ရှင်အဖြစ် မင်္ဂလာဒုံရဲစခန်းကို အဝေးထိန်းမိုင်း ၃လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon UG Association(YUA)ကထုတ်ပြန်သည်။
ဇွန်၁ရက်နေ့ည ၈နာရီ ခွဲခန့်က မင်္ဂလာဒုံမြို့နယ်၊ပြည်လမ်းပေါ်ရှိ မင်္ဂလာဒုံမြို့မရဲစခန်းကို YUA အဖွဲ့ဝင် Special Nway Oo (SNO)က အဝေးထိန်းမိုင်း ၃လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YUA၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောသည်။
“ ထိခိုက်မှုတော့ မသိသေးပါဘူး။သတင်းပဲ သဲ့သဲ့ကြားတာပါ။ရဲတချို့ ထိခိုက်သွားတယ်လို့ ကြားပါတယ်။ဒါလည်းအတည်ပြုလို့မရသေးပါဘူး။ကျွန်တော်တို့ရဲဘော်တွေကတော့ ညကတည်းက ဘေးကင်းပါတယ်” ဟု ဆရာကျောင်းက ပြောသည်။
YUA အနေဖြင့် အသက်လျော်ကြေး စစ်ဆင်ရေးကို ရန်ကုန်မြို့တွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ ဒီစစ်ဆင်ရေးက မတရားသဖြင့်ပေါ့နော်။စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံရတဲ့ ရဟန်းရှင်လူပြည်သူအားလုံး အတွက် ရည်ရွယ်ပါတယ်” ဟု ဆရာကျောင်းကဆက်လက် ပြောသည်။ ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တို့တွင်လည်း ယမန်နေ့ည ၈နာရီ မိနစ်၄၀ ခန့်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့သေးကြောင်း MPAက စုံစမ်းသိရသည်။